ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်လည်စတင်ရန် လုပ်ဆောင်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကိုဗစ်- ၁၉ နှင့် နိုင်ငံရေးအခြေအနေကြောင့် ရပ်နားထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို မကြာခင်ပြန်လည်စတင်နိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး BRI ၏ မြန်မာဘက်ခြမ်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက် ဆိပ်ကိမ်းစီမံကိန်းသုံးခုထဲမှ ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

“ စီမံကိန်းက ရပ်ထားတာကြာပြီ။ အခုတော့ ပြန်စဖို့လုပ်နေတယ်။ လာပြီးကွင်းဆင်းလေ့လာတာတွေလည်းရှိတယ်။ ဘယ်တော့ပြန်စမလဲဆိုတာတော့ မသိသေးဘူး။” ဟု ကျောက် ဖြူဒေသမှ ဒေသခံတစ်ဦးက ပြောသည်။

ယခင် သဘောတူညီချက်အရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုသွားရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုမှ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ယခုအခါ ယခင်လက်မှတ်ရေးထိုးထားသည့် စာချုပ်ပါအချက်အလက်များကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း သတင်းဖော်ပြချက်များအရ သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက် ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် Shareholders’ Agreement နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းစာချုပ် ပြန်လည်ညှိနှိုင်းမှုအတွင်း မိမိတို့ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းထားသည်။

“ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ဘက်က လောနေတာလည်းပါတယ်။ ဒါကြောင့် စီမံကိန်းကို သူတို့ဘက်က အမြန်ဆုံး ပြန်စချင်တာလည်းပါတယ်။ ဒီစီမံကိန်းမှာ တရုတ်ရဲ့ရင်းနှီး မြှုပ်နှံမှုက တော်တော်လေးများတယ်။” ဟု ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စုစု

ဓာတ်ပုံ- အင်တာနက်

#ယနေ့ခေတ်

ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်လည်စတင်ရန် လုပ်ဆောင်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.