ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူအသစ်ဖြင့် ညှိနှိုင်းဆောင်ရွက်ရန် ရင်းနှီး/စီးပွားဝန်ကြီး ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူအသစ်ဖြင့် ညှိနှိုင်းဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။

အဆိုပါစီမံကိန်းသည် ရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မဒေးကျွန်းနှင့် ကုဋေချီကျွန်းတို့တွင်တည်ရှိပြီး ယခုလောလောဆယ်အချိန်တွင် စီမံကိန်းစတင်နိုင်ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း သုံးသပ်ပြောဆိုခြင်းများရှိနေသည်။

“ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းက စတင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ လက်ရှိကလည်း တိုက်ပွဲတွေဖြစ်နေတာ။ ဒါပေမယ့် တရုတ်ကလည်း ဒီစီမံကိန်းကို လောနေတာ။ စီမံကိန်းက စဖို့ဆိုတာ ကြာဦးမှာ။” ဟု အထူးစီးပွားရေးဇုန်ကော်မတီတွင် ပါဝင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာအစိုးရအသိအမှတ်ပြု စုပေါင်းကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသည့် Kyauk Phyu SEZ Consortium နှင့် တရုတ် CITIC Consortium တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပါဝင်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ စုစုပေါင်းဆိပ်ခံတံတားပေါင်း ၁၀ ခုဖြင့် နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီး စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိပ်ကမ်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများသို့ ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီးအသွင်ဖြင့် မြန် မာနိုင်ငံနှင့်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – google

#ယနေ့ခေတ်

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူအသစ်ဖြင့် ညှိနှိုင်းဆောင်ရွက်ရန် ရင်းနှီး/စီးပွားဝန်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.