ကျောက်ဖြူရေနက်စီမံကိန်းစတင်ရန် ပြင်ဆင်နေဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၇

တိုက်ပွဲများကြောင့်ရပ်တန့်နေသည့် ကျောက်ဖြူရေနက်စီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲမှ သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ-တ ရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်(စီမံကိန်းကုမ္ပဏီ)တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်(Concession Agreement)ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်ချုပ်ဆိုခဲ့သည်။

အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်ပါအချက်အလက်အချို့အား မြန်မာ-တရုတ်နှစ်ဘက်လုံး၏ လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင်သတ်မှတ်နိုင်ရန် လိုအပ်သဖြင့်လည်းကောင်း၊ ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်(Concession Agreement)အပေါ် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့်လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ်တို့အကြား နောက်ဆက်တွဲစာချုပ် (Addendum)အား မကြာသေးခင်က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ နောက်ဆက်တွဲစာချုပ်အတွက် သဘောတူလက်မှတ်လည်း ရေးထိုးပြီးပြီ။ မကြာခင်စတင်တော့မှာဖြစ်ပါတယ်။ ပြန်လည်စတင်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်။” ဟု မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပါဝင်ခြင်းဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ပြီး စုစုပေါင်းဆိပ်ခံတံတားပေါင်း ၁၀ ခုဖြင့် နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီး စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – NPE

ယနေ့ခေတ်

ကျောက်ဖြူရေနက်စီမံကိန်းစတင်ရန် ပြင်ဆင်နေဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.