ကျောက်တံခါး၌ လယ်ကွင်းထဲ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲ တစ်ဦးသေ ဆုံး တစ်ဦးဒဏ်ရာ

ရန်ကုန်၊ ဩဂုတ် ၂၃

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျေးရွာတစ်ရွာရှိ လယ်ကွင်းထဲသို့ ယမန်နေ့က Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲ၍ အမျိုသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ဇရပ်ခင်ကျေးရွာရှိ လယ်ကွင်းထဲသို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လယ်ကွင်းထဲ၌ရှိနေသူ အမျိုးသားနှစ်ဦးအား ဗုံးစများထိမှန်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးတွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ ဒဏ်ရာရတဲ့သူက ငါးရှာနေတာ။ သေဆုံးသူလယ်ပိုင်ရှင်က မြေဩဇာကြဲနေတာ။ အဲ့ဒီအချိန် လက်နက်ကြီးပစ်သံတွေကြားရလို့ နှစ်ယောက်စလုံး လယ်ထဲကအိမ်မှာ ရှောင်တိမ်းဖို့ လုပ်နေရင်း ကောင်းကင်ပေါ်က ဗုံးပြုတ်ကျပြီး ပေါက်ကွဲသွားတာ“ ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လယ်ကွင်းထဲ ဗုံးကျရောက်ပေါက်ကွဲ၍ အသက် ၆၄ နှစ်အရွယ် လယ်ပိုင်ရှင် ဦးတင်ထွေးတွင် လက်၊ ခြေထောက်နှင့် ပေါင်တို့၌ ဗုံးစထိမှန်ဒဏ်ရာရရှိပြီး ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးခဲ့ပြီး အသက် ၄၁နှစ်အရွယ် ကိုမင်းတွင် ခန္ဓာကိုယ်အနှံ့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိကာ အတွင်းလူနာအဖြစ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ ကြောင်း သိရသည်။

လယ်ကွင်းထဲ ဗုံးကျရောက်ပေါက်ကွဲရာ နေရာအနီးတွင် ဩဂုတ် ၂၁ ရက်၊ ညပိုင်းနှင့် ယမန်နေ့ နံနက်ပိုင်းက 230KVA လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင် ၂ တိုင်နှင့် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောက်လုပ်ဆဲ မီးရထားသံလမ်းတို့ မိုင်းခွဲဖျက်ခံခဲ့ရပြီး ယမန်နေ့က တာဝန်ရှိသူများက လာရောက်ပြုပြင်နေစဉ် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ နှစ်ဖက်ပစ်ခတ်ရာမှ လယ်ကွင်းထဲသို့ ဗုံးကျရောက်ပေါက်ကွဲခြင်းဟု ဒေသခံများကပြောသော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပေ။

ယခုလပိုင်းအတွင်း KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ပဲခူးတိုင်းအတွင်းရှိ အချို့နေရာများသို့ ဝင်ရောက်လာ၍ နစကတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကာ တိုက် ပွဲများကြောင့် အရပ်သားများသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကျောက်တံခါး၌ လယ်ကွင်းထဲ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲ တစ်ဦးသေ ဆုံး တစ်ဦးဒဏ်ရာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.