ကျောက်တံခါး၌ မိုင်းကွဲ၍ လျှပ်စစ်တာဝါတိုင်သုံးတိုင် ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၅

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲ၍ လျှပ်စစ်တာဝါတိုင်သုံးတိုင် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၄ ရက်၊ နံနက်အစောပိုင်းတွင် ကျောက်တံခါးမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးရှိ ၂၃၀ ကေဗွီ၊ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းမှ တိုင်အမှတ် ၂၅၀၊ ၂၅၁ နှင့် ၂၅၂ တို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

“ မနက် ၃ နာရီလောက် ပေါက်ကွဲမှုဖြစ်တာ။ အုန်းကနဲ အသံတစ်ချက်တော့ ကြားရတယ်။ တာဝါတိုင်က ထက်ပိုင်းကျိုးသွားတာ။ ခဏနေတော့ မီးပါပြတ်သွားရော။ မနေ့က တစ်နေ့ လုံးလည်း မီးပြတ်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် တာဝါတိုင်သုံးတိုင်မှာ ကျိုးကျပျက်စီးခဲ့ကြောင်း သိရပြီး၊ အဆိုပါဓာတ်အားလိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးပေးရာ ဒေသအချို့တွင် ယာယီဓာတ်အား ပြတ် တောက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ယမန်နေ့ နံနက်အစောပိုင်းက ကျောက်တံခါးနှင့် ဖြူးမြို့နယ်အကြား၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကွင်းချောင်းတံတားမှာလည်း မိုင်းခွဲခံရ၍ ကျိုးကျပျက်စီးခဲ့ကာ ယနေ့အထိ သွားလာ၍မရသေးကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်း ပျက်စီးမှုများနှင့်ပတ်သတ်၍ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ရာတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်း၊ ရထားလမ်းနှင့် ကာကင်းစစ်စခန်းအချို့အား ယနေ့နံနက်ပိုင်း(ဇန်နဝါရီ ၄ ရက်) တွင် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကျောက်တံခါးမြို့နယ်အတွင်း၌ တာဝါတိုင်များ၊ တံတားများနှင့် ရထားသံလမ်းများ မိုင်းခွဲတိုက်ခိုက်ခံရမှု မကြာခဏဖြစ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကျောက်တံခါး၌ မိုင်းကွဲ၍ လျှပ်စစ်တာဝါတိုင်သုံးတိုင် ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.