ကျောက်တော်ရှိ ကစ္ဆပနဒီတံတား တိုက်ပွဲကြောင့် ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ကစ္ဆပနဒီတံတားမှာ ယမန်နေ့ညကတိုက်ပွဲကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ညက ကျောက်တော်မြို့နှင့် အနီးဝန်းကျင်တွင် နစကတပ်များနှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားစဉ် ကျောက်တော်မြို့အနီးရှိ ကစ္ဆပနဒီတံတားကို ဗုံးထိမှန်ကာ တံတားဘေးရှိ လူသွားလမ်းတွင် အကျယ် ၁၀ ခန့် ပေါက်ပြဲခဲ့ပြီး ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

“ တံတားက တစ်စင်းလုံးတော့ ထိမသွားဘူး။ လူသွားလမ်းဘေးတစ်ဖက်တော့ ပျက်စီးသွားတယ်။ အဲ့ဒီတံတားက ကားကြီးတွေလည်း သွားနေကြတာဆိုတော့ ကြံ့ခိုင်မှုအခြေအနေတော့ စိုးရိမ်ရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

အဆိုပါတံတားသည် ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ကုလားတန်မြစ်အား ဖြတ်သန်းတည်ဆောက်ထားသည့် တံတားဖြစ်ပြီး၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အရေးပါသည့်တံတားတစ်စင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်ဒီဇင်ဘာလမှစ၍ နစကတပ်များနှင့် AA လက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွား​လျက်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့အချို့အား AA အဖွဲ့က ထိန်းချုပ်ထားကြောင်း ကြေညာထားပြီး၊ ဒေသခံ ငါးသောင်းထက်မနည်းမှာ ယနေ့အထိ စစ်ရှောင်နေရဆဲဟု ဒေသတွင်းသတင်းများအရ သိရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသတွင်းရှိ စျေးများ၊ တံတားများ၊ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦများအပါအဝင် အဆောက်အအုံရာချီ၍ ပျက်စီးနေကြောင်း ဒေသခံများက ဆိုသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကျောက်တော်ရှိ ကစ္ဆပနဒီတံတား တိုက်ပွဲကြောင့် ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.