ရန်ကုန်၊ ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
ယနေ့(ဇန်နဝါရီ ၁၁ ရက်)၊ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျောက်တော်မြို့ရှိ နေရာအချို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ဒေသခံငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ဒီမနက် ၉ နာရီ ၁၅ လောက် ကျောက်တော်မြို့ထဲက မြစိမ်းရောင်တည်ခိုခန်းအနီး၊ စျေးအနီးနဲ့ ရွှေဆိုင်တန်းတွေနား ဗုံးသုံးလုံးကျတာ။ ငါးဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ရှမ်းရွာဖက်မှာလည်း ဗုံးကျတယ်လို့ သိရပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဆွေးနွေးရန်အသင့်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဝင်ဘာလက တရုတ်နိုင်ငံ၊ ကူမင်းမြို့ခရီးစဥ်တွင် ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင် AA က နိုင်ငံရေးအရဆွေနွေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်ဦး ပျက်စီးဆုံးရှုံးများရှိခဲ့ကြောင်း သိရသည်။
“ငြိမ်းချမ်းရေးမလိုဘူးလို့ ပြောတာတော့မဟုတ်ဘူး။ ပါစပ်ကတော့ ငြိမ်းချမ်းရေးလိုတယ်။ သူတို့ရဲ့ သီဟိုရီအဟောင်းတွေပေါ့လေ။ မဟော်သဓာဇာတ်လို့ပေါ့ သားအစစ်နဲ့ ဘီလူးမ သားကိုလုတဲ့အခါမှာ အစစ်အမှန်ဖြစ်တဲ့ မိခင်က သားကို ဘီလူးမလိုမလုပ်ရဲဘူးလေ။ တစစီဖြစ်သွားမှာစိုးလို့။ ပြည်သူတွေတော့ တအားကြီးနစ်နာသွားမှာစိုးတယ်။ အရင်တုန်းက လည်း လုပ်ခဲ့ဖူးတာတွေရှိခဲ့တော့ သူတို့ဘက်ကိုပါလာမလားဆိုပြီး အကွက်ဟောင်းကိုပဲ သုံးတယ်လို့မြင်ပါတယ်။” ဟု ရခိုင်အခြေစိုက် စာရေးဆရာ ကျော်လင်း(ရောင်စုံ)က ယနေ့ခေတ်သို့ ပြောသည်။
ဇန်နဝါရီ ၈ ရက်၊ နေ့လယ် ၁ နာရီကျော်ခန့်ကလည်း ရမ်းဗြဲမြို့၊ ကျောက်နီမော်ကျေးရွာ၊ ရပ်ကွက်အချို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ၄၀ ကျော်သေဆုံးခဲ့ပြီး၊ ကလေးငယ်အပါအဝင် ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ
#ယနေ့ခေတ်
ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်