ရန်ကုန်၊ ဒီဇင်ဘာ ၈
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နှင့် ပဲခူးတိုင်း၊ ပဲခူးမြို့တို့တွင် ယနေ့နံနက်ပိုင်းက စက်သုံးဆီဘောက်ဆာကားနှစ်စီး မီးလောင်ခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့ နံနက် ၆ နာရီကျော်က ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ စက်သုံးဆီများတင်ဆောင်ကာ မောင်းနှင်လာသော ဆီဘောက်ဆာကားတစ်စီးမှာ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းအ ရောက်၌ စလစ်ဖြစ်ကာ မီးလောင်ခဲ့ကြောင်း သိရသည်။
“ တွဲစလစ်ဖြစ်ပြီး နောက်ချိတ်ပြုတ်သွားတာ။ ကားကခေါင်းကျန်ခဲ့ပြီး၊ ဆီအပြည့်နဲ့တွဲကြီး မီးလောင်သွားတာ။ တွဲတစ်ခုလုံးတော့ ကုန်သွားတယ်။” ဟု ကျောက်ဆည်လူမှုကူညီရေး အသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဖြစ်စဉ်တွင် ဆီဘောက်ဆာတွဲတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၉ နာရီကျော်က ပဲခူးမြို့၊ နန်တော်ကုန်းကျေးရွာအနီး၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် ၃၃/၄ တွင် စက်သုံးဆီများတင်ဆောင်ကာ မောင်းနှင်လာသော ဆီ ဘောက်ဆာကားတစ်စီး တိမ်းမှောက်ကာ အနည်းငယ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီဘောက်ဆာကား မီးလောင်မှုသို့ ပဲခူးမြို့မှ မီးသတ်ယာဉ်များသွားရောက်ကာ မီးလောင်မှုမဖြစ်စေရန် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုရက်ပိုင်း၌ ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးတွင် စက်သုံးဆီဝယ်ယူရခက်ခဲမှုများ ကြုံတွေ့နေရစဉ်၊ ယခုကဲ့သို့ စက်သုံးဆီတင်ဘောက်ဆာကားနှစ်စီး တိမ်းမှောက်ကာ မီးလောင်ခဲ့၍ ဒေသအချို့တွင် စက်သုံးဆီဝယ်ယူနိုင်ရန် အချိန်ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းရမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။
ဓာတ်ပုံ – MFSD ၊ စီဂျေ
ကျောက်ဆည်နှင့် ပဲခူး၌ စက်သုံးဆီဘောက်ဆာကားနှစ်စီး မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်