ကျောက်ဆည်တွင် ​နေအိမ်မီးလောင်မှု​ကြောင့် ပညာရေးဝန်ထမ်း(ငြိမ်း) မိသားစုဝင်လေးဦး သေဆုံး

ရန်ကုန်၊ ​မေ ၂၂

မန္တလေးတိုင်း​ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီရပ်(ဆီဆုံ)ရပ်တွင် မေ ၂၂ ရက်၊ နံနက် ၁ နာရီ ၅၀ မိနစ်က နေအိမ်မီးလောင်မှု​ကြောင့် ပညာရေးဝန်ထမ်း(ငြိမ်း) မိသားစုဝင်လေးဦး သေဆုံးမှုဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှု​ကြောင့် သက်ကြီးပညာ​ရေးဝန်ထမ်း(ငြိမ်း) အသက်(၉၃)နှစ် ဆရာမ​ဒေါ်တင်​အောင် အသက်(၇၅)နှစ် ဆရာမ​ဒေါ်​ထွေး​ထွေး(မြို့နယ်ပညာ​ရေးမှူးအငြိမ်းစား) အသက် (၆၆)နှစ် ဆရာမ​ဒေါ်နွယ်နွယ်ဦး(မြို့နယ်ပညာ​ရေးမှူး-ငြိမ်း)နှင့် အသက်(၅၈)နှစ် ဆရာမ​ဒေါ်ခင်သူဇာ(အမက-​ကျောင်းအုပ်) သ​ပြေကုန်း​ကျေးရွာ၊ ​ကျောက်ဆည်မြို့တို့ ​လေးဦးစလုံး ​သေဆုံးခဲ့ရ​ကြောင်း သိရသည်။

“ မီး​လောင်မှုအားပြင်းပါတယ်။ တစ်နာရီကြာ မီးငြိမ်းသတ်ခဲ့ရပါတယ်။ မီး​လောင်မှုထဲမှာ အ​ပေါ်ထပ်မှာ သက်ကြီးအမျိုးသမီးနှစ်ဦးအ​လောင်းနဲ့ ​အောက်ထပ်က အမျိုးသမီးနှစ်ဦးအ​လောင်း ​တွေ့ရှိခဲ့ရပါတယ်​။ သက်ကြီးပိုင်း​တွေမို့ မီး​လောင်မှုထဲပိတ်မိသွားတယ် ထင်ပါတယ်။ မီး​လောင်မှုက ဝါယာလျော့ဖြစ်တာလို့ ယူဆရပါတယ်” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ သက်ကြီးပိုင်းပညာ​ရေးဝန်ထမ်း(ငြိမ်း) ​မိသားစုဝင်လေးဦး၏ ရုပ်အလောင်းများကို KYAUKSE RESCUE က မော်တော်ယာဥ်ဖြင့် ကျောက်ဆည်ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့​ဆောင်​ပေးခဲ့​ကြောင်း သိရသည်။

နေအိမ်အတွင်း အသုံးပြုထားသည့် ဆိုလာဘက်ထရီမှတစ်ဆင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ခဲ့သည်ဟုယူဆ​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ မီး​​လောင်မှုဖြစ်စဥ်ကို ဝါယာ​လျော့ဟု ကနဦးထုတ်ပြန်ခဲ့ပြီး မီး​လောင်မှုအဆင့် Level ကို ယ​နေ့​ခေတ်မှ သီးခြားအတည်ပြုချက် မရရှိ​သေး​ပေ။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ကျောက်ဆည်လူမှုကူညီရေးအသင်း

ယနေ့ခေတ်

ကျောက်ဆည်တွင် ​နေအိမ်မီးလောင်မှု​ကြောင့် ပညာရေးဝန်ထမ်း(ငြိမ်း) မိသားစုဝင်လေးဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.