မော်လမြိုင်၊ မေ ၁၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား လမ်းကြောင်းလွှဲမြေသားလမ်းမှ မော်လမြိုင်မြို့သို့ မေ ၁၈ ရက်မှစတင်ပြီး ဆီဘောက်ဆာယာဥ်များ ဝင်ရောက်ခဲ့ခြင်းကြောင့် စက်သုံးဆီများပုံမှန်အတိုင်း ပြန်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့က သိရသည်။
“ မေ ၁၂ ရက်ကတည်းက စက်သုံးဆီတွေ ပြတ်လပ်သွားတာ။ တစ်ပတ်ပြည့်သွားတယ်။ ဆီဘောက်ဆာယာဥ်တွေ ဆက်တိုက်ဝင်လာပါပြီ။ မနက်ဖြန်လောက်ဆို ဆီဆိုင်တွေပြန်ရောင်းတော့မယ်ပြောတယ်။ ကားနဲ့ ဆိုင်ကယ်တွေ ဆီလုံလုံလောက်လောက် ပြန်ဝယ်ယူလို့ရပြီထင်ပါတယ်။” ဟု မော်လမြိုင်မြို့နယ်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ကျုံအိတ်တံတားကျိုးကျမှု ဖြစ်ပွားပြီးနောက် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့တွင် ကုန်စည်စီးဆင်းမှုတစ်ပတ်ခန့်ကြာ ရပ်တန့်စေခဲ့ပြီး စက်သုံးဆီများ ပြတ်လပ်သည့်အထိ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား လမ်းကြောင်းလွှဲမြေသားလမ်းတွင် မေ ၁၇ ရက်၊ နံနက် ၈ နာရီမှစတင်၍ ခရီးသည်တင် Express ယာဥ်လိုင်းများ ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း ဘီးလင်းဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ကျုံအိတ်တံတား လမ်းကြောင်းလွှဲမြေသားလမ်းမှ စက်သုံးဆီများ ပြန်လည်ဝင်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်