ကျုံအိတ်တံတားဘေး မြေသားလမ်းလွှဲမှ မော်တော်ယာဉ်များ အားလုံဖြတ်သန်းခွင့်ပြု

မော်လမြိုင်၊ မေ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ရွှေရောင်ပြကျေးရွာက ပြိုကျပျက်စီးသွားသည့် ကျုံအိတ်တံတားဘေးတွင် မြေသားလမ်းလွှဲဖောက်လုပ်ပြီး မော်တော်ယာဉ်များအားလုံးကို ယမန်နေ့ မေလ ၁၈ ရက်မှ စတင်ဖြတ်သန်းခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည့် ပြီးခဲ့သည့် မေ ၁၁ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ပြိုကျပျက်စီးခဲ့သည့်အတွက် ဆက်သွယ်ရေးလမ်းပိုင်းတစ်ခုလုံး ပြတ်တောက်သွားခဲ့ရခြင်းဖြစ်သည်။

ထိုကြောင့် ကုန်တင်ကားများနှင့် ခရီးသည်ယာဉ်များသည် ရွှေရောင်ပြကျေးရွာနှင့် မိုးကောင်းကျေးရွာရှိ ကျေးရွာချင်းဆက်လမ်းကို အသုံးပြုခဲ့ကြသော်လည်း လမ်းကျဉ်းခြင်းကြောင့် မိနစ် ၂၀ ခန့်သာသွားရသောခရီးစဉ်ကို နာရီနှင့်ချီစောင့်ဆိုင်းသွားလာခဲ့ရကြောင်း ကားသမားတစ်ဦးက ပြောသည်။

“ ပထမလမ်းကနေသွားတုန်းက တော်တော်ဒုက္ခရောက်ပါတယ်။ လက်ရှိတော့ ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားဘေးမှာ ယာယီမြေနီလမ်းဖောက်လုပ်မှုပြီးစီးသွားပြီ။ မေ ၁၇ ရက်နေ့ကစပြီး ကုန်တင်ကားတွေအပါအဝင် ခရီးသည်ယာဉ်တွေအားလုံး ဖြတ်သန်းသွားလာခွင့်ပြုထားတယ်။” ဟု ကားသမားတစ်ဦးက ပြောသည်။

ကျုံအိတ်တံတားသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအပြင် မြန်မာပြည်တောင်ပိုင်းဒေသဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၏ ကုန်သွယ်ရေးအ တွက် အချက်အချာကျသည့် လမ်းပိုင်းတစ်ခုလည်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ ဟုတ်တယ် မနေ့ကစပြီးခရီးသည်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုတယ်။ သွားလို့လာလို့ရတာပဲ ကျေးဇူးတင်နေရတာ။ အရင်က ကားလေးတွေပဲ တံတားပေါ်က ဖြည်းဖြည်းမောင်းပြီးဖြတ်လို့ရပါတယ်။ အခုတော့ ကျုံအိတ်တံတားဘေးကနေ မြေသားဖို့ပြီးတော့ မြေသားလမ်းလွှဲလုပ်ပေးထားတာ။” ဟု နောက်ထပ်ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထိုသို့ ဘီးလင်းကျုံအိတ် တံတားဘေးတွင် မြေသားလမ်းလွှဲလုပ်ပြီး ဖြတ်သန်းခွင်ပြုထားသော်လည်း မော်တော်ယာဉ်များအားလုံး တန်းစီစနစ်ဖြင့် အလှည့်ကျဖြတ်သန်းနေရခြင်းကြောင့် အချိန်ကြန့်ကြာမှုရှိသေးကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဓာတ်ပုံ- စီဂျေ

ကျုံအိတ်တံတားဘေး မြေသားလမ်းလွှဲမှ မော်တော်ယာဉ်များ အားလုံဖြတ်သန်းခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.