ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်ရှိ တံတားတစ်စင်း အက်ကွဲမှုဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုကားလမ်းပေါ်မှ တံတားတစ်စင်း ယမန်နေ့က အက်ကွဲမှုဖြစ်ခဲ့၍ ကားလမ်းအား ခေတ္တပိတ်ခဲ့ရ ကြောင်း ဒေသခံများက ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်၊ နံနက် ၁၀ နာရီခန့်က တာလေမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်လင်းချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော အရှည်ပေ ၃၀၀ ခန့်ရှိ နမ့်လင်းချောင်းကူးကျောက်စီတံတား၏ ကမ်းကပ်ခုံနှစ်ဘက်စလုံး၌ အက်ကွဲရာများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ ကမ်းကပ်ခုံဘက်ခြမ်းက အောက်ခြေကနေ အက်ကွဲကြောင်းကြီး ဖြစ်နေတာကို တွေ့ရတယ်။ တံတားအပေါ်ပိုင်းက သိပ်မသိသာပေမဲ့ အောက်ပိုင်းကအက်ကွဲရာက တော်တော် ကြီးတယ်။ အပေါ်ကဖြတ်တဲ့ဝိတ်များရင် ကျိုးကျသွားနိုင်တယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုသို့ တံတားတွင် အက်ကွဲရာဖြစ်ပေါ်မှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ကားလမ်းအား ခေတ္တပိတ်ခဲ့ပြီးနောက် ယခုအခါ အိမ်စီးကားငယ်များနှင့် ဆိုင်ကယ်များအား ဖြတ်သန်းခွင့် ပေးထားကြောင်း သိရသည်။

“ မနေ့က မနက် ၁၀ နာရီလောက်ကတည်းက တံတားကိုခဏပိတ်လိုက်တာ။ အန္တရာယ်များလို့လေ။ ကုန်တင်ကားတွေရော၊ ခရီးသည်တင်ကားတွေရော တော်တော်များများတော့ ပိတ်မိသွားတယ်။ နေ့လည်လောက်မှ တာဝန်ရှိသူတွေလာစစ်ပြီး၊ နေ့ခင်း ၁ နာရီလောက်မှာ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို တံတားပေါ် ဖြတ်ခိုင်းတယ်။ ကုန်ကားတွေတော့ သွား ခိုင်းတာမတွေ့သေးဘူး။” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

အဆိုပါတံတားသည် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ တံတားကွဲအက်မှုကြောင့် ယာဉ်များသွားလာရ ခက်ခဲလျက်ရှိ၍ ဒေသတွင်းသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများအတွက် နှောင့်နှေးမှုများဖြစ်ပေါ် မည်ကို ဒေသခံများအ ကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် တံတား ၇ စင်းထက်မနည်း ပျက်စီးခဲ့၍ ရှမ်းပြည် (တောင်ပိုင်း)နှင့် (အရှေ့ ပိုင်း)ရှိလမ်းပိုင်းများအား အဓိကအသုံးပြုနေရကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – Nyein Thun

#ယနေ့ခေတ်

ယနေ့ခေတ်

ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်ရှိ တံတားတစ်စင်း အက်ကွဲမှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.