ကျိုင်းတုံမြို့အနီး အင်အား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဒေသခံများ သိသိသာသာခံစားရ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၅.၉ အဆင့်ရှိ မြေငလျင်တစ်ခုနှင့် နောက်ဆက်တွဲငလျင်ငယ်အချို့ ယနေ့ နံနက်တွင် လှုပ်ခတ် ခဲ့ပြီး၊ ငလျင်ဒဏ်ကို သိသိသာသာခံစားရကြောင်း ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့တွင် နေထိုင်သူများက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့ နံနက် ၈ နာရီ ၇ မိနစ်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၇ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့် အကွာ)၊ အနက် ၂၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅.၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရကြောင်း ကျိုင်းတုံမြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ အိပ်နေရင်းနဲ့ ဝုန်းကနဲ ဖြစ်သွားတာ။ စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်။ ခေါင်းတောင်မူးသွားတယ်။ အင်အားနည်းနည်းတော့ ပြင်းတယ်။” ဟု ကျိုင်းတုံမြို့ခံတစ်ဦးက ပြောသည်။

အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ကျိုင်းတုံမြို့က ထိခိုက်ပျက်စီးမှု မရှိပါဘူး။ ငလျင်ကိုတော့ သိသိသာသာခံစားရတယ်။ မနက်ပိုင်း ၈ နာရီလောက်ကလှုပ်တာ။ ဗဟိုနဲ့တော့နီးပေမဲ့ သိပ်ကြာကြာ မလှုပ်လိုက်တာ ကံကောင်းသွားတယ်။” ဟု ကျိုင်းတုံမြို့ရှိ တိုင်းနေ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို တာချီလိတ်မြို့တွင်လည်း သိသိသာသာခံစားခဲ့ရ ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း တာချီလိတ်မြို့အခြေစိုက် ရွှေတာချီ လူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ၈ နာရီ ၇ မိနစ်မှာတစ်ကြိမ်၊ ၈ နာရီ ၈ မိနစ်မှာတစ်ကြိမ်၊ နှစ်ကြိမ်လှုပ်ခတ်သွားတယ်။ စက္ကန့်လေးခြားပြီး လှုပ်တာ။ နည်းနည်းတော့ ပြင်းတယ်။ အပျက်အစီးကတော့ မရှိပါဘူး။ ချင်းမိုင်ဘက်မှာတော့ အားပြင်းတယ်လို့ ကြားတယ်။” ဟု ၎င်းကပြောသည်။

အဆိုပါ ဒေသများတွင် ထိုငလျင်အပြင် နောက်ဆက်တွဲငလျင် သုံးကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့ကာ ငလျင်ထပ်မံ၍ လှုပ်ခတ်မည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြော သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်၊ ညပိုင်းကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီးကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခုနှင့် နောက်ဆက်တွဲငလျင် ငယ်များ လှုပ်ခတ်ခဲ့ရာ တိုက်ကြီးနှင့် မှော်ဘီမြို့နယ်တို့တွင် သာသနိက အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ငလျင်ဒဏ်ကို ရန်ကုန်မြို့ခံများ သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကျိုင်းတုံမြို့အနီး အင်အား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဒေသခံများ သိသိသာသာခံစားရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.