ကျိုင်းတုံ၊ မေ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ လယ်မွေလမ်းတွင် မေ ၁၄ ရက်၊ ညနေ ၄ နာရီ၊ ၂၅ မိနစ်က နှင်းဆီရွှေဆိုင်နံပါတ်(၃) ကို သေနတ်ပစ်ဖောက် လုယက်မှုကျူးလွန်သူများကို အချိန်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
“ အမည်မသိလူတစ်စုက ဆိုင်ကယ်နဲ့သုံးယောက်လာကြတာပါ။ သေနတ်နဲ့ပစ်ဖောက် ခြိမ်းခြောက်မှုတွေလုပ်ပြီး ဆိုင်ထဲကရွှေထည်တွေထည့်ထားတဲ့ မှန်ပုံးကိုခွဲပြီး ယူသွားကြတာပါ။” ဟု နှင်းဆီရွှေဆိုင်နံပါတ်(၃) မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုသို့လုယက်မှုကြောင့် နှင်းဆီရွှေဆိုင်နံပါတ်(၃)မှ ဒင်္ဂါးနားကပ်(၁.၅)ဂရမ်ခန့်စီရှိ (၁၀၀)ခု၊ အခေါက်နားကပ်(၃)ဂရမ်စီရှိ (၁၀၀)ခု၊ ဆွဲသီး(၁)ကျပ်သားခန့်စီရှိ (၁၀)ခု၊ ကလစ်(၀.၇)ခန့်စီရှိ (၆၀)ခု၊ ရွှေလက်ကောက်(၁)ကျပ်သားခန့်စီရှိ (၁၀)ကွင်းပါသွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့်လုယက်မှုဖြစ်ပွားပြီးနောက် မြို့ဝင်၊ ထွက်နေရာများကို ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် ဝမ်တာပင်းစစ်ဆေးရေးစခန်း၌ လုယက်သူများကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဝမ်တာပင်းစစ်ဆေးရေးစခန်းက ဖမ်းဆီးရမိခဲ့သူများကို ကျိုင်းတုံ(စရတ)သို့ ပို့ဆောငိပြီး စိစစ်မှုများဆောက်ရွက်ခဲ့ပြီး ၎င်းတို့ထံက Glock အမျိုးအစား သေနတ် (၂)လက်နှင့် ကျည်(၂၅)တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ကျိုင်းတုံမြို့မရဲစခန်း
ကျိုင်းတုံတွင် နှင်းဆီရွှေဆိုင်ကို သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူများ ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်