ရန်ကုန်၊ နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိ ခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ ၄၈ မိနစ်အချိန်ခန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၂ မိုင်ခန့်အကွာ ကျိုက်လတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာကိုဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာ၊ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါမြေငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာရှိ ဆုတောင်းပြည့်စေတီတော်၏ စိန်ဖူးတော်မြေခခဲ့ကာ ကျေးရွာအတွင်းရှိ အဆောက်အအုံအချို့လည်း ထိ ခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ကျိုက်လတ်ဘက်မှာတော့ ပျက်စီးတာမရှိဘူးလို့ သိရတယ်။ မြေငလျင်လှုပ်တာကိုတော့ ကောင်းကောင်းသိကြတယ်ပေါ့နော်။ ကော့မှူးဘက်မှာတော့ စိန်ဖူးတော်မြေခတယ်ဆိုတာတော့ ဟုတ်တယ်။ တခြားကြီးကြီးမားမားတော့မရှိပါဘူး။ အဲဒီလောက်ပါပဲ။” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ မြေငလျင်လှုပ်ခတ်သည့်ဒဏ်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ – ဒေသခံတစ်ဦး
#ယနေ့ခေတ်
ကျိုက်လတ်မြို့နယ်အနီး ဗဟိုပြုခဲ့သည့်ငလျင်ကြောင့် ကော့မှူးမြို့နယ်ရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်