ရန်ကုန်၊ ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း၌ နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
နိုဝင်ဘာလအတွင်းမှစ၍ ကျိုက်မရောမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်လျက်ရှိကာ တိုက်ပွဲများဖြစ်ရာ နေရာများအနီးမှဒေသခံများမှာ စစ်ဘေးတိမ်းရှောင်လျက် ရှိရာမှ ယမန်နေ့အထိ မြေပြင်စာရင်းများအရဒေသတွင်း စစ်ရှောင်သူဦးရေ နှစ်သောင်းကျော်အထိ ရောက်ရှိလာကြောင်း သိရသည်။
“ ကျိုက်မရောမြို့နားက ရွာတွေမှာ တိုက်ပွဲဖြစ်နေတော့ စစ်ရှောင်တဲ့လူဦးရေက နေ့စဉ်တိုးလာနေတာ။ မနေ့ကအထိ လက်လှမ်းမှီသလောက် စာရင်းအရ နှစ်သောင်းကျော်သွားပြီ။ တိုက်ပွဲက မြို့နဲ့လည်းနီးလာတော့ မြို့ပေါ်မှာနေတဲ့သူတွေလည်း စစ်ရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရတယ်။ လာမည့်ရက်ပိုင်းအတွင်း စစ်ရှောင်တွေ ပိုများလာနိုင်တယ်။” ဟု ကျိုက်မရော ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် ကျိုက်မရောမြို့နယ်၊ ထရံ၊ မီးသွေးကုန်း၊ ကော့ဒွန်း၊ ကြံတော၊ ချောင်းနှစ်ခွ စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၂၀ ခန့်မှ ဒေသခံနှစ်သောင်းကျော် စစ်ရှောင် နေရခြင်းဖြစ်ကာ ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်တွင် နစကတပ်များနှင့် KNU , PDF အဖွဲ့များ၏ နှစ်ဖက်တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့အား ဆက်သွယ်ထားသည့် အတ္ထရံတံတားပျက်စီးခဲ့ကာ ယနေ့အထိ ပြင်ဆင်နိုင်ခြင်းမရှိသေးပဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။
ယခုရက်ပိုင်း၌ မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရောမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိနေကာ ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင် လျက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
ကျိုက်မရော တိုက်ပွဲကြောင့် ဒေသခံနှစ်သောင်းကျော် စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်