ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံသုံးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး၊ အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းစစ်ဘေး ရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။
တစ်လကျော်ကြာ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကျိုက်မရောမြို့ပေါ် အပါအဝင် ကျေးရွာ ၁၅ ရွာထက်မနည်းမှ ဒေသခံသုံးသောင်းကျော်မှာ ယနေ့အထိ ဘေး လွတ်ရာနေရာများတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
“ ကျိုက်မရောက ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြသလို၊ ကရင်ပြည်နယ်ဘက်နဲ့ ဘီးလူးကျွန်းဘက်တွေမှာလည်း စစ်ရှောင်နေကြရသူတွေ ရှိပါတယ်။ လူဦးရေ သုံး သောင်းကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ တချို့လည်း နီးစပ်ရာမှာစစ်ရှောင်ကြသလို၊ ဘယ်ကိုမှပြေးလို့မရတဲ့သူတွေက တောထဲတွေမှာ ယာယီတဲထိုးပြီး နေကြတာ တွေရှိတယ်။ တချို့နေရာက စစ်ရှောင်တွေကို လက်နက်ကိုင်အဖွဲ့တွေက နေရာရွေ့ခိုင်းတာတွေလည်းရှိတော့ ထပ်မံပြီး ရွေ့ပြောင်းစစ်ရှောင်နေရကြသူတွေလည်းရှိတယ်။” ဟု ဒေသတွင်း စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တိုက်ပွဲများကြောင့် ကျိုက်မရောမြို့ပေါ်တွင် နေထိုင်သူများအပါအဝင် တောင်ကလေး၊ ကြံတော၊ မီးသွေးကုန်း၊ ချောင်းနှစ်ခွ၊ ကော့ဒွန်း၊ ပေသီကုန်း၊ မယ်တရို၊ ထရံ၊ လှာက ဇိုင်း စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၁၅ ရွာထက်မနည်း မှ ဒေသခံသုံးသောင်းကျော်မှာ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး များနှင့် အဝတ်အထည်များ လိုအပ်ချက်ရှိကြောင်း သိရသည်။
“ အဓိကလိုအပ်တာက ကျန်းမာရေးစောင့်ရှောက်မှုပါ။ တိုက်ပွဲကြောင့် သွားလာလို့မရတော့ ဆေးကုဖို့ကလည်း မလွယ်တဲ့အပြင်၊ ဆေးဝါးတွေလည်း မရှိဘူး။ ပြီးခဲ့တဲ့ရက် တုန်းကလည်း စစ်ရှောင်စခန်းတစ်ခုမှာ နာတာရှည်ရောဂါသည် တစ်ဦးနဲ့ သက်ကြီးရွယ်အိုတစ်ဦး ဆေးမကုနိုင်လို့ ဆုံးသွားသေးတယ်။ နောက်ထပ်လိုအပ်တာက စားနပ်ရိက္ခာ နဲ့ အဝတ်အထည်တွေပါ။” ဟု စစ်ရှောင်များအားကူညီပေးနေသူတစ်ဦးက ဆက်လက်ပြောပြသည်။
ကျိုက်မရောမြို့နယ်အတွင်း နိုဝင်ဘာ ၁၀ ရက်မှစတင်၍ နစကတပ်များနှင့် KNU,PDF အဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကာ တိုက်ပွဲများ ကြောင့် ဒေသခံသုံးသောင်းကျော် စစ်ရှောင်နေရသည့်အပြင် နိုဝင်ဘာ ၁၈ ရက်က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ တံတားပါပျက်စီးခဲ့၍ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – ရာမညနိကာယ ပရဟိတအဖွဲ့
ကျိုက်မရောဒေသခံ သုံးသောင်းကျော် စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်