ကျိုက်ထို၌ ပစ်ခတ်မှုဖြစ်၍ နှစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၌ ယမန်နေ့က ပစ်ခတ်မှုဖြစ်၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်၊ မွန်းတည့် ၁၂ နာရီကျော်က မုပ္ပလင်ကျေးရွာ၊ စျေးပိုင်းရပ်၌ အမျိုးသားတစ်ဦးမှာ ကွမ်းယာဝယ်နေစဉ် အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီး ဖြင့် ရောက်ရှိလာကာ အသင့်ယူဆောင်လာသော သေနတ်ဖြင့် သုံးချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ထိုအမျိုးသားမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အနီးရှိနေအိမ်မှ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“ ဗလီစုရပ်မှာနေတဲ့ ဦးညီညီလွင်က ကွမ်းယာဝယ်ဖို့ စျေးပိုင်းရပ်ကိုရောက်နေတုန်း လူနှစ်ယောက်က သေနတ်နဲ့ပစ်သွားတာ။ ပစ်ခတ်မှုဖြစ်တဲ့အနားက အိမ်ရှေ့တံခါးပေါက်မှာ ထမင်းထိုင်စားနေတဲ့ မနှင်းရည်ထွေးရဲ့ ဦးခေါင်းကိုလည်း ကျည်ထိမှန်သွားတယ်။ နှစ်ဦးစလုံး ရရှိဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပစ်ခတ်ခံရသူ အမျိုးသားတွင် ဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နံ စောင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကာ၊ ကျည်ထိမှန်သူ အမျိုးသမီးတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်မှုအား မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကျိုက်ထို၌ ပစ်ခတ်မှုဖြစ်၍ နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.