ကျိုက်ထို၊ စက်တင်ဘာ ၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အငြိမ်းစား တပ်မတော်မိသားစုဝင် ၃ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဇနီးဖြစ်သူသေဆုံးခဲ့ပြီး သားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့ ကြောင်း နီးစပ်သူများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူများမှာ ဒုတိယဗိုလ်မှူးကြီး(အငြိမ်းစား) ဦးအောင်လွင်၊ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုးနှင့် သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တို့ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက်၊ ညနေပိုင်းက သားဖြစ်သူကို ကျောင်းကြိုပြီးပြန်လာစဉ် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ ၎င်းတို့နေအိမ်ရှေ့တွင် ဆိုင်ကယ်နှင့်လာသည့် သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုးသည် ဦးခေါင်းတွင်သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး သားဖြစ်သူ မောင်အောင်ငြိမ်းမာန်မှာ ဘယ် ဘက်မျက်လုံး ကျည်ဖောက်ဝင်(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး ဦးအောင်လွင်သည် ဘယ်ဘက်လက် ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးကပြောသည်။
” အခုမနက်အထိ တာဝန်ရှိသူတွေတော့ ပိတ်ဆို့ စစ်ဆေးနေတာ တွေ့ရတယ်။ အမျိုးသမီးဖြစ်သူက တစ်ခါတည်း ကွယ်လွန်သွားတာ။ ဒဏ်ရာရရှိသွားတဲ့ ဆရာနဲ့ကလေးက ဆေး ကုသမှုခံယူနေတယ်။” ဟုအထက်ပါ ပုဂ္ဂိုလ်ကဆက်ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့နှင့် တပ်များလာရောက် စစ်ဆေးခဲ့ပြီး လမ်းဆုံလမ်းဂွများကိုပါ ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ဦးအောင်လွင်သည် ကျိုက်ထိုမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အသင်းဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦး စက်တင်ဘာ ၃ ရက်၊ ည နေ ၅ နာရီကျော်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကလည်း ကျိုက်ထိုမြို့၊ ကင်မွန်းချောင်း ရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးခဲ့သေးကြောင်း သိရသည်။
ဝဏ္ဏ
ကျိုက်ထိုမြို့တွင် အငြိမ်းစားတပ်အရာရှိ မိသားစုဝင် ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဇနီးဖြစ်သူသေဆုံးခဲ့ပြီး သားဖြစ်သူပြင်းထန်ဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်