ကျားဖျန့်လုပ်ငန်းအတွက် လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို DKBA က ထိုင်းသို့လွှဲပြောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းတွင် ကျားဖျန့်လုပ်ငန်းအတွက် လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို DKBA က ထိုင်းနိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်လူမျိုးတစ်သောင်းကျော်ကိုလည်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက တရုတ်ထံလွှဲပြောင်းပေးရန်ရှိနေကြောင်း သိရသည်။

“ လွှဲပြောင်းပေးတဲ့ထဲမှာ တရုတ်နိုင်ငံသားတွေတော့မပါသေးဘူး။ သူ့ကိုဖမ်းဖို့ပြောတော့မှ လူကုန်ကူးထားတဲ့သူတွေကို ပြန်လွှတ်ပေးနေတာ။ မဲဆောက်လေယာဉ်ကွင်းကိုအသုံးပြုဖို့ ထိုင်းအစိုးရကို ဆက်သွယ်အကြောင်းထားတယ်လို့ သိရတယ်။ ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။ ကောက်ရိုးမီးလိုဖြစ်သွားမှာစိုးရ တယ်။” ဟု ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်သူတစ်ဦးက ပြောသည်။

DKBA ကလွှဲပြောင်းပေးလိုက်သူများတွင် ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ နီပေါ၊ ကင်ညာ၊ လာအို၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ တန်ဇန်းနီးယား၊ သီရိလင်္ကာ၊ ယူဂန်ဒါနှင့် ထိုင်ဝမ်နိုင်ငံသားတို့ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်မြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ ဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် ဘုရားသုံးဆူမြို့တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိကြောင်း၊ ထိုင်းနိုင်ငံအစိုးရ၏ယုံကြည်မှုရရှိမှသာ ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှုများကို ယခင်အတိုင်းပြန်လည်လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ဘုရားသုံးဆူမြို့နေပြည်သူများ၏ လူမှုစီးပွားထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေနိုင်မည်ဖြစ်ကြောင်း DKBA ၏ထုတ်ပြန်ချက်အရ သိရသည်။

#စုစု

ဓာတ်ပုံ – The Reporters

#ယနေ့ခေတ်

ကျားဖျန့်လုပ်ငန်းအတွက် လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို DKBA က ထိုင်းသို့လွှဲပြောင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.