ကျင်စန်းကျော့ရှိ ဆဲဗင်းဟွာကျင့်ကားဝန်း၌ ဒရုန်းဗုံးကျ၍ မီးလောင်မှုကြောင့် ကုန်ကားအစီးရေ ၁၂၀ နီးပါး ပျက်စီးခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးရှိ ပုဂ္ဂလိကပိုင် ကားဝန်းဖြစ်သော ဆဲဗင်းဟွာကျင့်၌ ယမန်နေ့က ဒရုန်းဗုံးကျရောက် ပေါက်ကွဲ၍ မီးလောင်မှုကြောင့် ကုန်ကားအစီးရေ ၁၂၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) နံနက်ပိုင်းက ဆဲဗင်းဟွာကျင့် သွင်းကုန်ကားဝန်းအတွင်း ဒရုန်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲကာ မီးလောင်မှုကြောင့် အိမ်သုံးပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်ကားများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ ဆုံးရှုံးမှုတန်ဖိုးကတော့ မသိရသေးဘူး။ ပစ္စည်းပိုင်ရှင်တွေက ဆုံးရှုံးကုန်တာပေါ့။ ကားတစ်စီးဆိုရင်ပဲ တန်ဖိုးက သိန်းရာနဲ့ချီရှိတာလေ။ ဘယ်သူမှ လာပြန်ပေးမှာမဟုတ်ဘူး။” ဟု မူဆယ်မှကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအချို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့၍ လမ်းများပိတ်ဆို့သွားကာ တရုတ်-မြန်မာ နယ်စပ်ကုန် သွယ်ရေးဂိတ်များလည်း ပိတ်ထားရကြောင်း သိရသည်။

အဆိုပါဂိတ်များ စတင်ပိတ်ထားသည့်အချိန်တွင် မူဆယ်မြို့နယ်၌ ကုန်ကားရာနှင့်ချီ ပိတ်မိနေခြင်းဖြစ်ပြီး ၎င်းတို့မှာ လမ်းပိုင်းပြန်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ယခုကဲ့သို့ ကားဝင်းအတွင်း ဒရုန်းဗုံးကျကာ မီးလောင်ခဲ့ဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် မီးလောင်၍ ပျက်ဆီးဆုံးရှုံးသွားသည့် ကုန်ပစ္စည်းများမှာ တရားဝင်လိုင်စင်ရရှိထားသည့် တရုတ်နိုင်ငံဘက်သို့ ပို့မည့်ကုန်စည်များဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

#စုစု

ဓာတ်ပုံ – လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်

#ယနေ့ခေတ်

ကျင်စန်းကျော့ရှိ ဆဲဗင်းဟွာကျင့်ကားဝန်း၌ ဒရုန်းဗုံးကျ၍ မီးလောင်မှုကြောင့် ကုန်ကားအစီးရေ ၁၂၀ နီးပါး ပျက်စီးခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.