ရန်ကုန်၊ ဒီဇင်ဘာ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အာရှလမ်းဖြတ်သန်းသွားမှုကို ပိတ်ထားရပြီး၊ ကုန်ကားများအခက်အခဲဖြစ်နေကြကြောင်း ကုန်တင်ယာဥ် မောင်းများထံမှ သိရသည်။
ဒီဇင်ဘာ ၁ ရက်၊ နံနက်အစောပိုင်းမှစတင်ကာ ကော့ကရိတ်မြို့၌ တိုက်ပွဲများဖြစ်ပွားနေသဖြင့် အာရှလမ်းအား ဖြတ်သန်းခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။ ထို့နောက် ကုန်တင်တွဲ ကားကြီးများ ပိတ်မိနေပြီး၊ မီးလောင်ပျက်စီးသွားသည့် တွဲကားအချို့ရှိနေကြောင်း၊ ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။
“ ကုန်ကားတွေက မနက်ပိုင်းမှာထဲက ပိတ်မိကုန်တာ။ ကားသမားတွေလည်း လွတ်ရာရေမြောင်းထဲ ဆင်းပုန်းနေရတာလေ။ ဘယ်မှထွက်မရပဲ ပိတ်မိနေတာ။ အာရှလမ်းတင်မဟုတ် ဘူး၊ ဘီးလင်းဘက်မှာရော ဖြစ်နေတာ။” ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁ ရက်၊ နံနက် ၄ နာရီမှစတင်ကာ ကော့ကရိတ်မြို့တောင်ဘက်နှင့် မြို့တွင်း၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုအချိန်မှစတင်ကာ ဒီဇင်ဘာ ၂ ရက်အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ လမ်းလည်းပိတ်ထားတယ်။ ဒီနေ့(ဒီဇင်ဘာ ၂)ဆိုရင် မြို့ထဲကလူတွေအားလုံးနီးပါး ထွက်ပြေးကုန်ကြပြီ။ ဘားအံဘက် ထွက်ပြေးကြသူတွေလည်းရှိတယ်။ မြို့ထဲမှာလည်း လက် နက်ကြီးထိလို့ သေဆုံးသူတွေရှိတယ်။ အဆိုးဆုံးက ကယ်ဆယ်ရေးကားတွေ ခေါ်မရတာ။ အဲ့ကားတစ်စီးတောင် မနေ့ကပစ်ခံလိုက်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ အာရှလမ်းပိတ်ထားသဖြင့် ထော့ကိုကိုးလမ်းပိုင်းအား အသုံးပြုသွားလာနေကြကြောင်း ကုန်တင်ယာဥ်မောင်းအချို့ထံမှ သိရသည်။
ထိုသို့ လမ်းကြောင်းပိတ်ဆို့နေမှုများကြောင့်လည်း ထိုင်းနိုင်ငံဘက်မှ ဝယ်ယူသုံးစွဲနေရသည့်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း အိမ်ထောင်ရှင်မများက ဆိုသည်။
ဓာတ်ပုံ – စီဂျေ
ကော့ကရိတ် တိုက်ပွဲများကြောင့် အာရှလမ်းပိတ်ထားရ၍ ကုန်တင်ယာဥ်မောင်းများ ပိတ်မိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်