ရန်ကုန်၊ အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ယမန်နေ့ ညနေပိုင်းက Drop Bomb တစ်လုံး ဝေဟင်မှ လမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ၁၀ နှစ်အရွယ်ကျောင်းသားတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၄ နာရီခန့်က ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းအနီး၊ ဝင်းကြီးကွက်သစ်သို့ သွားသည့်လမ်းပေါ်တွင် ဒရုန်းတွင်ဗုံးချိတ်ဆွဲထားသည့် (Drop Bomb) တစ်လုံး ဝေဟင်မှ မြေပြင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် လမ်းပေါ်တွင် သွားလာနေသည့် အသက် ၁၀ နှစ်အရွယ် Grade – 4 ကျောင်းသားတစ်ဦးနှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ ဓမ္မရာမဘုန်းကြီးကျောင်းကုန်းမှာ တပ်စွဲထားတဲ့ လုံခြုံရေးအဖွဲ့ကို Drone နဲ့ တိုက်ခိုက်တာဖြစ်နိုင်တယ်။ အဲ့ဒီကိုမထိဘဲ ဘုန်းကြီးကျောင်းဘေးကို ဗုံးပြုတ်ကျရာက ဒဏ်ရာရ သွားကြတာ။ သူတို့ထိခိုက်မိပြီး သိပ်မကြာဘူး အဲ့နားရဲ့ ကိုက် ၂၀ လောက်အကွာကို ထပ်ပြီးဗုံးကျသေးတယ်။ အဲ့တာက လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။” ဟု ဒေသခံတစ် ဦးက ပြောသည်။
ဗုံးစထိမှန်၍ ၁၀ နှစ်အရွယ် ကျောင်းသားတွင် နားရွက်နှင့် နှာခေါင်း ပြတ်ရှဒဏ်ရာရရှိကာ၊ အသက် ၄၆ နှစ်အရွယ်အမျိုးသား၌ လက်၊ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့၍ ကော့ကရိတ်ဆေးရုံမှတစ်ဆင့် ဘားအံဆေးရုံတွင်း ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၌ နစကတပ်များနှင့် KNU, PDF ပူးပေါင်းအဖွဲ့များ နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိကာ တိုက်ပွဲအတွင်း လက်နက်ကြီး အပြန်အလှန်ပစ်ခတ် မှုနှင့် Drop Bomb ဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ကော့ကရိတ်၌ Drop Bomb ကျရောက်ပေါက်ကွဲ၍ ကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်