ရန်ကုန်၊ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ယနေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကာ နေအိမ်အချို့ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ညပိုင်းက နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ပိုမိုပြင်းထန်လျက်ရှိကြောင်း သိရသည်။ တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ညသန်းခေါင်ထဲက ပစ်နေကြတာ။ လေယာဉ်နဲ့လည်း သုံးကြိမ်လောက် လာပစ်သွားတယ်။ မနက်ပိုင်းတိုက်ပွဲက ပိုပြင်းထန်လာတယ်။ (၁)ရပ်ကွက်၊ (၂)ရပ်ကွက်၊ ချောင်းတောင်ဘက်နဲ့ ဓမ္မရာမဘက်မှာ ဒီမနက်ပစ်ကြသေးတယ်။ အိမ်တချို့လည်း ပျက်စီးတယ်လို့ သိရတယ်။ အားလုံးက စစ်ရှောင်နေရတော့ မြို့ထဲကအပျက်အစီးစာရင်းတော့ အတိအကျမသိရသေးဘူး။ ဟိုရက်တွေကလည်း မီးလောင်သေးတယ်။ နှစ်ကြိမ်လောင်တာ။ အိမ်တစ်ရာလောက် ကုန်သွားသေးတယ်။” ဟု ၎င်းဒေသခံက ပြောကြားသည်။
ကော့ကရိတ်မြို့တိုက်ပွဲနှင့်ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားရာတွင် ယမန်နေ့ ညပိုင်းက လက်နက်ကိုင်ပူးပေါင်းအဖွဲ့က မြို့သိမ်းတိုက်ပွဲဆိုကာ နေရာအနှံ့မှ လာရောက်တိုက်ခိုက်ကြောင်း၊ ထို့နောက် အပြန်အလှန်တိုက်ပွဲများဖြစ်ပွားကာ လေကြောင်းတိုက်ခိုက်မှုနှင့် အမြှောက်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်နေကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်ရှိ တပ်စခန်များအား KNU , PDF ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ရာမှ ယနေ့အထိ အပြန်အလှန်တိုက်ပွဲများ မကြာခဏဖြစ်ပွားးနေခြင်းဟု ဒေသတွင်းသတင်းများအရ သိရသည်။
ထိုတိုက်ပွဲများကြောင့် ကော့ကရိတ်ဒေသခံ ကိုးသောင်းထက်မနည်းမှာ နီးစပ်ရာမြို့နယ်များနှင့် KNU ထိန်းချုပ်နယ်မြေများတွင် စစ်ရှောင်နေရဆဲဖြစ်ပြီး အကူအညီများလိုအပ်နေကြောင်း KNU ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ထို့ပြင် တိုက်ပွဲများဖြစ်ပွားနေသည့် နှစ်လနီးပါးကာလအတွင်း ကော့ကရိတ်မြို့၌ မီးလောင်မှု နှစ်ကြိမ်ထက်မနည်းဖြစ်ပွားကာ နေအိမ်တစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ပုံစာ- ဇန်နဝါရီ ၂၁ရက်က ကော့ကရိတ်ရှိ မီးလောင်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဉ်။
ကော့ကရိတ်၌ တိုက်ပွဲပြင်းထန်နေကာ နေအိမ်အချို့ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်