ရန်ကုန်၊ အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ယနေ့နံနက်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၅ နာရီမှစ၍ ကော့ကရိတ်မြို့ရှိ နေရာအနှံ့အပြားတွင် နစကတပ်များနှင့် KNU , PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ ယနေ့ နံနက် ၁၁ နာရီအထိ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ မနက်ထဲက မြို့ထဲ နေရာအများအပြားမှာ အပြင်းအထန်ဖြစ်နေတာ။ အခုထိလည်း ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ မြို့ထဲကလူတွေက အိမ်ထဲကနေ အပြင်ကိုမထွက်ရဲကြဘူး။ မြို့ပြင်နဲ့ရွာဘက်တွေကတော့ နီးရာကိုထွက်ပြေးနေရတယ်။” ဟု ကော့ကရိတ်မြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ ဆင်ကုန်း၊ ရုံးကြီး၊ ရေလယ်မြိုင်၊ တံတားဦးအပါအဝင် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်လျက်ရှိနေကာ ရုံးအချို့ မီးရှို့ခံရသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့အပါအဝင် ဒေသအများအပြား၌ ယနေ့နံနက်အစောပိုင်းမှစ၍ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် နစက တပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ တိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူများရှိကြောင်း ကနဦးသတင်းများအရသိရကာ ဒေသခံအများ အပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ကော့ကရိတ်၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်