ရန်ကုန်၊ ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ နေအိမ်ရာချီကာ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်၊ ညပိုင်းမှစတင်ကာ ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း၊ နေအိမ်မီးရှို့ခံရခြင်းများဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ လက်နက်ကြီးကျတဲ့ အခြေအနေတွေလည်းရှိတယ်။ မီးရှို့ခံရတာတွေလည်းရှိတယ်။ ပုံတွေတက်လာတော့ သူ့အိမ်ကိုယ့်အိမ်ဆိုပြီး ပြောကြဆိုကြတာပေါ့။ လက်နက်ကြီးကျရုံနဲ့တော့ မီးမလောင်ပါဘူး။ ကျွန်တော်တို့အများကြီး မြင်တွေ့ခဲ့ဖူးပါတယ်။ ရှို့မီးကြောင့်လည်းလောင်တာပါ။” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။
ထို့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းနှင့် မီးရှို့ခံရခြင်းများကြောင့် ကော့ကရိတ်မြို့တွင်း စာသင်ကျောင်းများအပါအဝင် နေအိမ် ၁၅၀ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကနဦးစာရင်းများအရ သိရသည်။
“ နေရာတော်တော်များများမှာ လောင်သွားတယ်။ တံတားဦး၊ ချောင်တောင်မှာဆိုရင် အိမ်တွေရော၊ အဆောက်အဦတွေရော၊ ကျောင်းတွေရော အကုန်ပြာကျတယ်။ စာရင်းအတိ အကျကတော့ မသိရသေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်း အိမ်ခြေနှစ်ထောင့်ငါးရာကျော်ရှိပြီး မြို့နေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှစ၍ ကော့ကရိတ်မြို့နယ်ရှိ တပ်စခန်များအား KNU , PDF ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ရာမှ ယနေ့အထိ အပြန်အလှန်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
တိုက်ပွဲများကြောင့် ကော့ကရိတ်ဒေသခံ ကိုးသောင်းထက်မနည်းမှာ နီးစပ်ရာမြို့နယ်များနှင့် KNU ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး၊ အကူအညီများလိုအပ်နေကြောင်း KNU ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ဓာတ်ပုံ – စီဂျေ
ကော့ကရိတ်မြို့၌ နေအိမ်ရာချီ မီးလောင်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်