ကော့ကရိတ်ဒေသတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ တိုက်ပွဲများပြင်းထန်ခဲ့သဖြင့် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်များကို ကူညီနေသူများထံမှ သိရသည်။

ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ နှစ်ဖက်ပစ်ခတ်မှုများအပြင် လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်ခံရခြင်းများကြောင့် နေအိမ်များပျက်စီးကာ ဒေသခံများထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

“ နေ့ရော၊ ညရော ပစ်နေတာလေ။ လေယာဥ်နဲ့ရော လက်နက်ကြီးကျတာတွေရော၊ ဘယ်သူမှ မနေရဲတော့ဘူး။ မြို့ထဲမှာ အလွယ်တကူမပြေးနိုင်တဲ့ လူကြီးတချို့နဲ့ ရွေ့ပြောင်းဖို့ ခက်ခဲသူတချို့ပဲ ကျန်ခဲ့တာ။” ဟု ဒေသတွင်းစစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။

၄ ရက်ကြာနေပြီဖြစ်သည့် ဒေသတွင်းတိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကြီးလေးစုမှ ရွာပေါင်း ၂၄ ရွာ၏ ဒေသခံပြည်သူ တစ်သောင်းတစ်ထောင် ကျော်မှာ နေရပ်စွန့်ခွာထွက်​ပြေးခဲ့ကြရကြောင်း စစ်ရှောင်များကို ကူညီနေသူများထံမှ သိရသည်။

“ မြို့ထဲက လူ ၅ ပုံ ၄ ပုံလောက်က နီးစပ်ရာအမျိုးတွေ၊ တခြားစစ်ရှောင်စခန်းတွေကို ထွက်ပြေးရပြီလေ။ နာမကျန်းဖြစ်သူတွေနဲ့ သက်ကြီးဖိုးဖွားတွေ ထွက်လာနိုင်ဖို့ကိုတော့ ကြိုး စားပြီး ခေါ်ထုတ်ပေးနေပါတယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကျေးရွာအုပ်စုများမှာ အံဖကြီး၊ ကော့နွဲ့၊ မောင်းမ၊ ရွာတန်းရှည် စသည့်ကျေးရွာအုပ်စုများဖြစ်ပြီး ၎င်းတို့ထဲမှ ရွာကြီး၊ ရွာငယ်များမှဒေသခံများသည် ဘားအံ၊ ကျုံဒိုးနှင့် မြဝတီမြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်များပါဝင်ပြီး ယာယီနေထိုင်စရာ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများ၏ နေအိမ်များသို့ ရွှေ့ပြောင်းပေးထားသော်လည်း အချို့ မြို့တွင်း၌ ကျန်နေသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကော့ကရိတ်ဒေသတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.