ကောလင်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံကြောင့် အမျိုးသမီးတစ်ဦး နှလုံးရပ်၍ သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံကြောင့် အမျိုးသမီးတစ်ဦး နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်း ဒေသတွင်းစစ်ရှောင် များကိုကူညီသည့် အဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၃၀ ရက်၊ ည ၈ နာရီခွဲဝန်းကျင်က ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာသို့ လက်နက်ကြီးကျည် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးတစ်ဦး နှလုံးရပ်ကာ သေဆုံး ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ ပထမတစ်လုံးက ဦးဖိုးနိုင်ရဲ့အိမ်ကိုထိမှန်ပြီး အိမ်ထဲက မိသားစုဝင်အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်။ နောက်တစ်လုံးက ဦးဇော်မင်းနိုင်ရဲ့အိမ်ကို ထိမှန်တာ။ သူကဒဏ်ရာရပြီး သူ့ အမျိုးသမီး ကျောင်းဆရာမက လက်နက်ကြီးအသံကြောင့် ရုတ်တရတ်နှလုံရပ်ပြီး သေဆုံးသွားတယ်။” ဟု ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီသည့်အဖွဲ့မှ အဖွဲ့သားတစ်ဦးက ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် နေအိမ်နှစ်လုံးလည်း လက်နက်ကြီးကျည်စများထိမှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း ကောလင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ်တစ်လုံးတို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ ကာ အသက်သုံးနှစ်နှင့် ငါး နှစ်အရွယ်ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလလယ်ပိုင်းမှစ၍ ကောလင်းမြို့၌ နစကတပ်များနှင့် PDF ပူးပေါင်းအဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ကောလင်းမြို့အား ထိန်းချုပ်ထား နိုင်ကြောင်း PDF များက သတင်းထုတ်ပြန်ထားသည်။ နစကဘက်မှလည်း ကောလင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပြီး နေ့ စဉ်နီးပါး ပစ်ခတ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။

ကောလင်းမြို့နှင့် အနီးတဝိုက်၌ နှစ်ဖက်တိုက်ပွဲများအတွင်း လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုတို့ကြောင့် လက်ရှိအချိန်အထိ ဒေသခံ သောင်းချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ပြည်သူမှပြည်သူသို့

#ယနေ့ခေတ်

ကောလင်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံကြောင့် အမျိုးသမီးတစ်ဦး နှလုံးရပ်၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.