ရန်ကုန်၊ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နှင့် အနီးတဝိုက်ကျေးရွာများ၌ တိုက်ပွဲများပြင်းထန်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ကောလင်းမြို့နှင့် အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာ၍ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာတွင် ရွေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
“ မြို့ခံအများစုကတော့ လွန်ခဲ့တဲ့နှစ်လကျော်လောက်ထဲက စစ်ရှောင်နေရတာ။ တချို့ကလည်း ပြီးခဲ့တဲ့လက တိုက်ပွဲတွေငြိမ်နေလို့ အိမ်ခဏပြန်ကြတယ်။ အခုတော့ တိုက်ပွဲတွေပြန်ဖြစ်လာလို့ အိမ်ခဏပြန်တဲ့သူတွေပါ စစ်ရှောင်ရတာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
တိုက်ပွဲများ ပြင်းထန်လာ၍ ကောလင်းမြို့ခံအများစုမှာ ထီးချိုင့်နှင့် ဝန်းသိုမြို့နယ်များတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိနေကာ၊ အချို့မှာ တောစပ်များတွင် ခက်ခဲစွာနေထိုင်နေရ ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ကောလင်းမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ PDF က မြို့အားထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သုံးလနီးပါးအတွင်း နေ့စဉ်နီးပါး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဒေသခံသောင်းချီမှာ စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး မြို့ပေါ်၌သွားရောက်နေထိုင်သူအချို့မှာ ကျည်စထိမှန်၍ သေဆုံးမှုများဖြစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖေဖော်ဝါရီ ၃ ရက်နေ့မှစ၍ ကောလင်းမြို့အား ပြန်လည်ထိန်းချုပ်ရန် နစကစစ်ကြောင်းများ ဝင်ရောက်လာ၍ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ယနေ့အထိ ပြင်းထန်စွာဖြစ်နေကာ ဒေသခံများလည်း တိမ်းရှောင်ရကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျ
ပုံစာ-ကောလင်းမြို့ခံများ ပြီးခဲ့သည့်လက စစ်ရှောင်နေစဉ်(ပုံဟောင်းဖြစ်သည်)
ကောလင်း၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်