ကောလင်းမြို့ပေါ် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒေသခံပြည်သူ သုံးသောင်းကျော်ကိုသာ ကယ်ထုတ်နိုင်သေး ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြား ပိတ်မိနေသည့် ဒေသခံများအနက် သုံးသောင်းကျော်ကိုသာ ကယ်ထုတ်နိုင်ခဲ့သေးသည်ဟု စစ်ဘေးရှောင် များကို ကူညီနေသည့် ဒေသခံအဖွဲ့အစည်းများထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ကောလင်းမြို့မရဲစခန်းအနီးနှင့် နေရာအချို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူအများအပြား တိုက်ပွဲကြားတွင် ပိတ်မိခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ မနေ့က တိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာ ပိတ်မိနေတဲ့သူတွေ အများကြီးဗျ။ ကျွန်တောတို့လည်း ညမမှောင်ခင် သူတို့ကိုကယ်ထုတ်ရတာ ပြည်သူသုံးသောင်းကျော်လောက်တော့ ကယ်နိုင်ခဲ့တယ်။ အခုလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ။ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ ပိတ်မိနေတဲ့သူတွေ အများကြီးရှိသေးတယ်။ ရုတ်တရက်ကြီး ပြေးရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ သက်ကြီးရွယ်အိုတွေက ပိုဆိုးတာပေါ့။ လူချည်းပဲပြေးလာရတော့ ဘာမှမပါဘူးလေ။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြော သည်။

လက်ရှိတွင် စစ်ဘေးရှောင်များကို တိုက်ပွဲနှင့်ဝေးသည့် ကျေးရွာများသို့ ပို့ဆောင်ထားပြီး စားနပ်ရိက္ခာနှင့် စောင်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ကောလင်းမြို့ပေါ်တွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ တိုက်ပွဲများမှာ ကောလင်းမြို့မရဲ စခန်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်ထွေ/အုပ်ရုံးတို့အနီးတွင် ပိုမိုပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

#အောင်သူရိန်

ဓါတ်ပုံ – စီဂျေ

ပုံစာ- ယမန်နေ့က ကောလင်းမြို့ခံများအား တွေ့ရစဉ်

#ယနေ့ခေတ်

ကောလင်းမြို့ပေါ် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒေသခံပြည်သူ သုံးသောင်းကျော်ကိုသာ ကယ်ထုတ်နိုင်သေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.