ကောလင်းမြို့တွင်း တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ပေါ်ရှိဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင်း တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နေပြည်သူအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ဒေသတွင်းကူညီနေသည့် အဖွဲ့အစည်းများမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်မှစတင်ကာ ကောလင်းမြို့ပေါ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်တွင် အဆိုပါတိုက်ပွဲများ ရပ်တန့်နေပြီး၊ ပစ်ခတ်မှုများမရှိ တော့‌ကြောင်း ကောလင်းမြို့ပေါ်တိုက်ပွဲများကြားတွင် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ပေးခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

“ကောလင်းမြို့ပေါ်မှာ တိုက်ပွဲတွေစဖြစ်တော့ ရဲစခန်း၊ ကျောင်းနဲ့ ထွေ/အုပ်ရုံးတွေနားမှာရှိနေတဲ့ ရပ်ကွက်တွေက သောင်းချီပြီး ပိတ်မိနေတဲ့ ပြည်သူတွေကို ကျွန်တော်တို့အဖွဲ့တွေ ကယ်ထုတ်ပေးခဲ့ရတယ်။ အခုဆို ကောလင်းမြို့နဲ့ကပ်နေတဲ့ ထီးချိုင့်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်ယောက်မှ မရှိတော့ဘူး။ ထီးချိုင့်မြို့ပေါ်က ဒေသခံတွေလည်း ကျန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက တိုက်ပွဲဖြစ်လာနိုင်မယ့် နေရာတွေကနေ ရှောင်သွားကြပြီ။ အခုဆို ထီးချိုင့် မြို့ပေါ်မှာ ဘယ်သူမှမရှိတော့ဘူး။ ခြောက်ကပ်သွားပြီ။” ဟု ဒေသခံများကို ကူညီနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ထီးချိုင့်မြို့ပေါ်ရှိ ထွေ/အုပ်ရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများသည် ရဲစခန်းနှင့် တောင်ပေါ်ရှိ ဘန်ကာများဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းများသို့ ပစ္စည်းရွှေ့ပြောင်းပြီး တိမ်းရှောင်သွားပြီဖြစ်ကာ မြို့နေပြည်သူများမှာလည်း လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရယ်များကို စိုးရိမ်သောကြောင့် မြို့လုံးကျွတ် နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ကောလင်းမြို့တွင်း တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ပေါ်ရှိဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.