ရန်ကုန်၊ ဒီဇင်ဘာ ၆
အခြေခံစားသောက်ကုန်စည်ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းကြောင့် အထည်ချုပ်လုပ်သားများသည် လုပ်ခလစာဖြင့်မလုံလောက်ဖြစ်နေရကြောင်း အထည်ချုပ်အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများသည် အဆမတန်မြင့်တက်လာပြီး အခြေခံလူတန်းစားများအနေဖြင့် ရရှိသည့်ဝင်ငွေနှင့် ထွက်ငွေမမျှကြောင်း၊ အထည်ချုပ်အလုပ်သမားများသည် လုပ်ခလစာတိုးသော်လည်း ကုန်ဈေးနှုန်းကြောင့် ဝင်ငွေ၊ ထွက်ငွေမမျှသေးကြောင်း သိရသည်။
“ လုပ်ခလစာတိုးတာက အမည်ခံပဲရှိတယ်။ ကုန်ဈေးနှုန်းက မတရားတတ်နေတာ။ အိမ်ကိုတောင် လစာပြန်ပို့ဖို့ အနိုင်နိုင်ဖြစ်နေပြီ။ နေရေးနဲ့ဝမ်းရေးကို မနည်းဖြေရှင်းနေရတယ်။ အဆင်မပြေဘူး။ ဒုက္ခရောက်နေလည်း အားတင်းပြီး လုပ်နေရတယ်။” ဟု အထည်ချုပ်အလုပ်သမားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ ၁ ရက်မှစပြီး တစ်ရက်တာလုပ်ခလစာကို အနိမ့်ဆုံး ၆,၈၀၀ ကျပ်အဖြစ် တိုးမြှင့်လိုက်ကြောင်း သက်ဆိုင်ရာက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ကြေညာခဲ့သည်။
သို့သော် လက်တွေ့တွင် မပြေလည်နိုင်ပဲ အခြေခံလုပ်ခလစာ အနည်းဆုံးအခကြေးငွေ တစ်နေ့လျှင်ကျပ်တစ်သောင်းဝန်းကျင်ရမှသာ ယခုကာလ ကုန်ဈေးနှုန်းနှင့် စားသောက်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
“နိုင်ငံခြားကနေတင်သွင်းရတာလည်းမဟုတ်။ ကိုယ့်နိုင်ငံကထွက်တဲ့ အသီးအရွက်ကိုတောင် ဈေးမတန်တဆ ပေးဝယ်နေရတယ်။ အသားငါးဆိုရင် အနားတောင်မကပ်နိုင်ဘူး။ မနည်းရုန်းကန်ဖြေရှင်းနေရတယ်။” ဟု သာကေတမြို့နယ်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။
#စုစု
ဓာတ်ပုံ- MOI
ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းကြောင့် အထည်ချုပ်လုပ်သားများ လုပ်ခလစာမလုံလောက် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်