ကုန်ကျစရိတ်များပြားနေခြင်းကြောင့် ထိုင်းဘက်မှ သွင်းကုန်လျော့ကျနေခြင်း ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

သယ်ယူပို့ဆောင်စရိတ်များပြားနေခြင်းကြောင့် ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တင်သွင်းမှု လျော့ကျနေခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးသည် ပို့ကုန်၊ သွင်းကုန်လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအချက် အလက်များအရ သိရသည်။

“ အခုကတော့ ပုံမှန်အတိုင်းလေးပဲသွားနေကြတာပေါ့။ တရုတ်နှစ်ကူးကာလနဲ့ဘာနဲ့ဆိုတော့ အဝင်ကပါးတယ်။ အခုဈေးကွက်ထဲမှာ ယိုးဒယားပစ္စည်းတွေပြတ်နေတယ်ဆိုပြီး ပြောနေကြတာတွေရှိတယ်။ တစ်ကယ်တော့ လမ်းကြောင်းက ကွေ့ဝိုက်ပြီးသွားနေရတာ‌ကြောင့် သယ်ယူပို့ဆောင်စရိတ်တွေက အရင်ထက်ပိုများတယ်။ ဒါကြောင့် သွင်းကုန်လုပ်ငန်းရှင်အချို့က သိပ်မသွင်းကြတော့ဘူး” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မဇင်မီက ယနေ့ခေတ်သို့ပြောသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဖေဖော်ဝါရီလ ၉ ရက်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၃ ဒသမ ၉၃ ဘီလီယံကျော်ရရှိထားပြီး ကာလတူနှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၅၆၆ ဒသမ ၇၇၄ သန်း လျော့သွားကြောင်း သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပြီး တိုက်ပွဲများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ကုန်သည်များအနေဖြင့် လုပ်ငန်းများရပ်ဆိုင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့်ကုန်စည်များထဲတွင် CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများသည် အဓိကပို့ကုန်အမယ်များဖြစ်ပြီး၊ ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများ အစရှိသည့်ကုန်စည်အမယ်များ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – ယနေ့ခေတ်

#ယနေ့ခေတ်

ကုန်ကျစရိတ်များပြားနေခြင်းကြောင့် ထိုင်းဘက်မှ သွင်းကုန်လျော့ကျနေခြင်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.