ကုန်ကားများသည် မြဝတီကုန်သွယ်ရေးဇုန်ထိ လမ်းတံတားကြေးအပြင် အခြားသော အခကြေးငွေ သိန်းချီပေးဆောင်နေရဟုဆို

ရန်ကုန်၊ ဇူလိုင်- ၃၁

ကုန်တင်ကားများသည် ရန်ကုန်မှ မြဝတီကုန်သွယ်ရေးဇုန်အထိ လမ်းတံတားကြေးအပြင် အခြားသောအခကြေးငွေ ကောက်ခံမှုများ ပေးဆောင်နေရ၍ အခက်တွေ့နေကြောင်း ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။

ကုန်တင်ယာဥ်မောင်းများမှာ ဒေါနတောင်ခြေမှ မြဝတီစီးပွားရေးဇုန်အတွင်းထဲအထိ အမည်မသိ အခကြေးငွေများပေးဆောင်နေရပြီး လမ်းတံတားကြေးအပါအဝင် ငွေကျပ် လေး သိန်းခန့် ကုန်ကျလျက်ရှိကြောင်း ကုန်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။

“ ဒေါနတောင်ပေါ် ပေးရကမ်းရတာတွေများလာရော၊ တောင်ခြေကနေ မြဝတီဇုန်အထိကို အေးဂျင်းတွေနဲ့ဖြတ်ရင် တစ်သိန်းနှစ်သောင်း ကိုယ့်ဘာသာဖြတ်ရင် တစ်သိန်းခွဲကျော် ကုန်တယ်။ ဇုန်ကနေ ကားကွင်းတွေအထိဆို လေးသောင်းလောက်ထပ်ကုန်တယ်၊ တစ်လမ်းလုံး လမ်းပေါ်ထွက်တောင်းနေတဲ့အဖွဲ့တွေကြည့်ပဲ၊ အရင်ကလမ်းကြေးကလွဲလို့ တောင် ပေါ်ဘယ်အဖွဲ့မှမရှိပါဘူး။” ဟု ရန်ကုန်မှ မြဝတီသို့မောင်းနှင်နေသည့် ကုန်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။

ယခင်က ရန်ကုန်မှ မြဝတီသို့သွားသည့် ကုန်ကားလမ်းကြောင်းတစ်ကြောင်း၌ လမ်းကြေး၊ တံတားကြေး၊ ဘီးခွန် စသည်ဖြင့် တစ်သိန်းရှစ်သောင်းဝန်းကျင်သာ ပေးဆောင်ရပြီး ယ ခုအခါ ထိုလမ်းတံတားကြေးအပါအဝင် လမ်းကြောင်းတစ်လျှောက်၌ ငွေကျပ်လေးသိန်းခန့် ကုန်ကျလျက်ရှိနေကြောင်း သိရသည်။

“ ရန်ကုန်-မြဝတီကုန်သွယ်ရေးဇုန်အထိ အသွားတစ်ကြောင်းတည်းတင် ကုန်တာဗျ၊ ဝိတ်တူဝိတ်မှ အသွားပြန်ကို တစ်ခေါက်လို့ခေါ်တာပါ။ အခုက တစ်ခြမ်းထဲပါ၊ ကျွန်တော်တို့ အုံနာကတော့ လမ်းတံတားကြေးရော၊ ဆီဖိုးရော သူတို့ပေးပါတယ်၊ ယာဥ်မောင်ခကျ နည်းတာပေါ့ဗျာ၊ တစ်ချို့ပေးသူလည်းရှိသလို ကားသမားက ဆိုက်ရတာလည်းရှိတယ်ဗျ” ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် လမ်းခရီးကြန့်ကြာခြင်းနှင့် ကုန်သွယ်ရေး၌ သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လာခြင်း၊ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ထိုင်း ကုန်စည်များ၊ တရုတ်ကုန်စည်များအပါအဝင် ပြည်ပမှဝယ်ယူစားသုံးနေရသည့် ကုန်စည်များမှာ ဈေးများမြင့်တက်လျက်ရှိသည်။

ထို့သို့တရားမဝင်ပေးဆောင်နေရသည့် စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များအား လာဘ်ပေးလာဘ်ယူမှုများရှိ/မရှိ စိစစ်ဖော်ထုတ်သွားမည်ဖြစ်ပြီး တွေ့ရှိပါက တာဝန်ရှိသူ အ ဆင့်ဆင့်ကို ထိထိရောက်ရောက်အရေးယူရန် နစကဒုတိယဥက္ကဋ္ဌမှ ပြောကြားထားကြောင်း နိုင်ငံပိုင်သတင်းစာ၌ ရေးသားဖော်ပြထားသည်။

ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကုန်ကားများသည် မြဝတီကုန်သွယ်ရေးဇုန်ထိ လမ်းတံတားကြေးအပြင် အခြားသော အခကြေးငွေ သိန်းချီပေးဆောင်နေရဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.