ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စားသောက်ကုန်စည်များအား စျေးတင်မရောင်းရန်နှင့် ညမထွက်ရအမိန့် ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စားသောက်ကုန်စည်များအား စျေးနှုန်းမြှင့်တင်၍ မရောင်းရန်နှင့် ညမထွက်ရအမိန့်အား ဒေသအာဏာ ပိုင်များက ယမန်နေ့ကထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိစျေးကွက်အတွင်း လူသုံးကုန်ပစ္စည်းများ အထူးသဖြင့် ဆန်၊ အသား၊ ဥ၊ ဟင်းသီးဟင်းရွက်နှင့် ထင်းမီးသွေးစသည့် နေ့စဉ်သုံးပစ္စည်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ကို တင်းကျပ်စွာတားမြစ်ထားကြောင်း၊ လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာသော်လည်း ကုန်ပစ္စည်းများ၏ လက်လီစျေးနှုန်းသည် ၂၀ ရာခိုင်နှုန်းထက် ပိုတက်ခွင့်မပြု ကြောင်း ဒေသအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကောလာဟလများကို လုပ်ကြံဖန်တီး၍ စျေးတက်ခြင်း၊ သိုလှောင်ထားခြင်းစသည့် အခြားအပြုအမူများကို စစ်ဆေးတွေ့ရှိပါက ချက်ချင်းသိမ်းဆည်းသွားမည်ဖြစ်ပြီး လုပ်ငန်းများ ကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ တရားမဝင် စျေးနှုန်းတက်သည့် လုပ်ရပ်များအတွက် ဖုန်းဆက်တိုင်ကြားခြင်း သို့မဟုတ် ဒေသရံပုံငွေရှာဖွေ ထိန်းသိမ်းရေးအဖွဲ့ထံသို့ အခြေအ နေကို တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း လတ်တလောတိုက်ပွဲများကြောင့် လားရှိုး၊ မူဆယ်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့တွင် အခြေခံစားသောက်ကုန်စည်စျေးနှုန်း များ တဖြည်းဖြည်းမြင့်တက်လာကြောင်း ဒေသခံများက ပြောကြားသည်။

ထို့ပြင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယမန်နေ့မှစ၍ ည ၁၀ နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး တာဝန်ထမ်းဆောင်နေ သော ဝန်ထမ်းများနှင့် မော်တော်ယာဉ်များမှလွဲ၍ ဒေသခံပြည်သူများအား အပြင်သို့ လုံးဝသွားလာခွင့်မပြုကြောင်း၊ ညမထွက်ရအချိန်အတွင်း မိမိတို့နေအိမ်တံခါးဝ၊ လမ်းမပေါ်၊ လမ်းမကြီးနှင့် လမ်းသွယ်များကြားတွင်ပင် သွားလာခြင်းကိုတားမြစ်ကြောင်း၊ အရေးပေါ် ဆေးကုသရန် အခြေအနေကိုကြုံတွေ့ပါက သက်ဆိုင်ရာ ရပ်ကွက်(သို့) ကျေးရွာတာဝန်ခံ များမှတဆင့် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပြီးမှ အပြင်သို့ သွားလာခွင့်ပြုမည်ဟု ကြေညာချက်အရ သိရသည်။

ထိုကြေညာချက်ကို ဖောက်ဖျက်ကျူးလွန်သူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟုလည်း ဒေသအာဏာပိုင်အဖွဲ့က ကြေညာထားသည်။

၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားကြောင်း သိရ သည်။

#မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စားသောက်ကုန်စည်များအား စျေးတင်မရောင်းရန်နှင့် ညမထွက်ရအမိန့် ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.