ကိုဗစ်- ၁၉ ချေးငွေပြန်မပေးသူများကို နိုင်ငံပိုင်သတင်းစာတွင်ကြေညာမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးပေးခဲ့သော ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်းမရှိသည့်သူများအား နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများထုတ်ချေးခဲ့သည့်အတွက် ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

“ ချေးငွေက ဘယ်လိုပြန်ဆပ်မလဲ။ သိတဲ့အတိုင်း စီးပွားရေးတွေကအဆင်မပြေဘူး။ အရှုံးပေါ်နေတာ။ ပြီးတော့လည်း သူတို့ပဲအမျိုးမျိုး ဟိုဟာပိတ်လိုက် ဒီဟာပိတ်လိုက်နဲ့ အလုပ်ကဘယ်အဆင်ပြေတော့မလဲ။” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုအခါ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်- ၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန်ကျန်ရှိနေသည့် အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက်ပေးဆပ်ရန်၊ ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပထမအကြိမ်ကြေညာခဲ့သည်။

ထို့ကြောင့် ကိုဗစ်- ၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာအပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#စုစု

ဓာတ်ပုံ – MOI

#ယနေ့ခေတ်

ကိုဗစ်- ၁၉ ချေးငွေပြန်မပေးသူများကို နိုင်ငံပိုင်သတင်းစာတွင်ကြေညာမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.