ရန်ကုန်၊ စက်တင်ဘာ ၇
ကားဝယ်ရောင်းဈေးကွက် ပျက်လုနေပြီဟု မော်တော်ကားရောင်းဝယ်ရေး အသင်းဗဟို(ရန်ကုန်) ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောသည်။
ကားဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ကားရော အနိမ့်ကားများပါ ယခုစက်တင်ဘာ ပထမပတ်အတွင်း ဈေးနှုန်းများ ထိုးကျသွားပြီး အရောင်းသာရှိပြီး ဝယ်သူမရှိဖြစ်နေကြောင်း ဦးအောင်သန်းဝင်းက ပြောသည်။
“မော်ဒယ်အမြင့်ရော အနိမ့်ကားတွေပါ ဈေးထိုးကျသွားတယ်။ မော်ဒယ်အမြင့် သိန်းသုံးထောင်ကျော်ကားတွေဆိုရင် သိန်းလေးငါးရာအထိကို ကျသွားတယ်။ အရင် သိန်းခြောက်ရာ ပတ်ချာရှိတဲ့ကားတွေက သိန်းငါးဆယ်ကနေ တစ်ရာနီးပါးလောက်ကျတယ်။ ကျတဲ့အချိန်ဆိုတော့ ဝယ်ရောင်းက ပိုက်မထားရဲဘူး။ ရောင်းပေမယ်လည်း ဝယ်သူမရှိတဲ့အတွက် ဈေးကတဖြည်းဖြည်း ထပ်ကျနေတယ်။ ဝယ်သူက ဘယ်လောက်ထပ်ကျမလဲ့ဆိုပြီး ဈေးကွက်ကို စောင့်ကြည့်နေတဲ့သဘောဖြစ်တယ် ပြောရရင် ဈေးကွက်ပျက်လုနီးဖြစ်နေပြီ။” ဟု ဦး အောင်သန်းဝင်းက ပြောသည်။
ကားဈေးကွက်အတွင်း ဂျပန်ကားတင်သွင်းခွင့် ပိတ်ထားသဖြင့် မော်ဒယ်မြင့် ဂျပန်ကားများ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာပြီး နိုင်ငံခြားငွေကြေး အပြောင်းအလဲကြောင့် ကားဈေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် ဂျပန်ကားဈေးကွက်အတွင်း ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့် SKD၊ CKD ကားများ ထုတ်ရောင်းပေးမည်ဆိုသည့်သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ကားဈေးနှုန်းများ စတင်ကျဆင်းလာကာ တရုတ်နိုင်ငံမှတင်သွင်းလာသည့် လျှပ်စစ်ကားများကို စိတ်ဝင်စားလာခြင်းကြောင့်လည်း ကားဈေးကျခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ပြည် တွင်းသို့ လျှပ်စစ်ကားများကို တစ်လလျှင် အစီးရေငါးရာခန့်တင်သွင်းမည့် သတင်းများကြောင့်လည်း ဖြစ်နိုင်ကြောင်း ကားဝယ်ရောင်းတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်း သိန်းခြောက်ရာတန်းဝန်းကျင်ဖြင့် ရောင်းချနေသည့် မော်ဒယ်နိမ့် ဂျပန်ကားများဖြစ်သည့် Honda Fit, Suzuki Swift, Hijet အမျိုးအစားကားများ သည် ကျပ်သိန်းငါးရာဝန်းကျင်တွင်ရှိနေကြောင်း၊ မော်ဒယ်မြင့် သိန်းသုံးထောင်မှ ငါးထောင်ထောင်ဝန်းကျင် တိုယိုလင်ခရူဇာ အမျိုးအစားကားများသည်လည်း ကျပ်သိန်းလေးရာမှ ငါးရာလောက်အထိ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ-စီဂျေ
ကားဝယ်ရောင်းဈေးကွက် ပျက်လုနေပြီဟု ကားအသင်းဥက္ကဌ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်