ကာမိုင်းနှင့် နန့်ယားကြား တိုက်ပွဲများပြင်းထန်နေပြီး ဖားကန့်အဝင်အထွက် ပိတ်ထား ဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် နန့်ယားဂိတ်နှင့် ကာမိုင်းမြို့တို့အကြား တိုက်ပွဲများပြင်းထန်နေ၍ ယနေ့နံ နက်ပိုင်းက ဖားကန့်မြို့အဝင်အထွက် ပိတ်ထားသဖြင့် ကားထောင်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းမှစတင်ကာ ဖားကန့်မြို့အနီး မအူပင်နှင့် နန့်ယားဂိတ်အကြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိုလမ်းကြောင်းပေါ်ရှိ အဝင်အထွက်ဂိတ်များ ပိတ်ထားခဲ့ ကြောင်း ဒေသခံယာဉ်မောင်းများထံမှ သိရသည်။

“ကာမိုင်းနဲ့ နန့်ယားမှာ တိုက်ပွဲဖြစ်တဲ့အခါကြတော့ လမ်းကြောင်းမှာရှိတဲ့ အဝင်အထွက်ကားတွေကို ပိတ်ထားတာပေါ့၊ နန့်ယားဂိတ်ကနေ ထပ်ပိတ်တာ ၄၊ ၅ ရက်လောက်ထိ ပိတ် မယ်ပြောတယ်၊ မနေ့ နေ့ခင်းပိုင်းကဖြစ်တာ အရင်ရက်တွေကလည်းဖြစ်တယ်။ အခုလောလောဆယ် ခရီးသည်ကားတွေကအစ အဝင်အထွက်မရှိဘူး။ လမ်းကြောင်းမှာရှိတဲ့ ခရီး သည်ကားတွေလည်း ဘယ်မှသွားမရဘဲ ပိတ်မိနေတာ။ တော်တော်များများက နန့်ယားဂိတ်မှာ ပိတ်မိနေတာ” ဟု ဒေသခံယာဉ်မောင်တစ်ဦးက ပြောသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသဖြင့် ဖားကန့်သို့သွားသည့် လမ်းပိုင်းများအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ သော်လည်း ကြေညာစာ တစ်စောင်မျှထွက်ရှိထားခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“ရက်အကန့်သတ်မရှိပိတ်တယ်ပြောတယ်။ ကားသမားတွေဆီကနေ သိရတာဆိုတော့ အဲ့နားတော့ ကြေညာလိမ့်မယ်။ တရားဝင်စာထုတ်တာ ဘာညာတော့ မရှိဘူး။ ကားသမား တွေဆီက တဆင့်ထွက်ခဲ့တာ ခရီးသည်လည်း အသွားအလာမရှိဘူး။ ကားမိုင်းဂိတ်က အတက်ကားတွေ ပိတ်ထားတော့ လက်ဝါးရွာမှာ ကားတွေတန်းစီနေတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

ထို့သို့ လမ်းကြောင်းတစ်လျှောက်ရှိ အဝင်အထွက်ဂိတ်များ ပိတ်ထားရုံသာမက နန့်ယားဂိတ်ပါပိတ်ထားသဖြင့် ကားအစီးရေတစ်ထောင်ကျော်ခန့် တန်းစီစောင့် ဆိုင်းနေရကြောင်း သိရသည်။

အဆိုပါကားများမှာ ယမန်နေ့က လမ်းတွင်ညအိပ်စောင့်ခဲ့ရပြီး ယနေ့နံနက်ပိုင်းမှာတော့ မအူပင်နားမရောက်ခင်မှ စတင်ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖားကန့်သို့အဝင်အထွက်ပြုလုပ်ရမည့် လမ်းကြောင်းများမှာ တိုက်ပွဲများကြောင့်ပိတ်ထားရသဖြင့် ဖားကန့် မြို့တွင် ဆန်၊ ဆီနှင့် ကုန်ခြောက်ပစ္စည်းများ ဈေးနှုန်းမြင့်တက် လျက်ရှိနေကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကာမိုင်းမြို့၊ မအူပင်စုရပ်ကွက် အနီးတစ်ဝိုက်၍ ကေအိုင်အေနှင့် နစကတို့ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံအချို့အား လူသားဒိုင်းအဖြစ် ခေါ် ဆောင်သွားခြင်းများရှိနေကြောင်း ကာမိုင်းဒေသခံများထံမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – အောင်ဇော်မိုး

#ယနေ့ခေတ်

ကာမိုင်းနှင့် နန့်ယားကြား တိုက်ပွဲများပြင်းထန်နေပြီး ဖားကန့်အဝင်အထွက် ပိတ်ထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.