ကာကွယ်ရေးဦးစီးချုပ်ကိုထုတ်မည်ဆိုလျှင် ယူကရိန်းတွင် ဆူပူအုံကြွမှုများ ဖြစ်လာနိုင်ဟု သတိပေး

ကိဗ်၊ ဖေဖော်ဝါရီ ၉

ယူကရိန်းသမ္မတ ဇီလန်စကီးအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ Valery Zaluzhny ကို ရာထူးမှထုတ်ပယ်မည်ဆိုလျှင် ဆူပူအုံကြွမှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ယူကရိန်းပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့ (SBU) က သတိပေးလိုက်သည်။

ယူကရိန်းသမ္မတသည် ရုရှားအပေါ် ပြုလုပ်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်ရခြင်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် အငြင်းပွားမှုများရှိခဲ့ရာမှ ရာထူးမှထုတ်ပယ်ဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများကျယ်ပြန့်စွာထွက်ပေါ်ခဲ့သည်။

သို့သော်လည်း ယူကရိန်းသမ္မတသည် (SBU) အဖွဲ့၏ သတိပေးချက်များကြောင့် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို လက်ရှိအချိန်အထိ တရားဝင်ရာထူးမှ ထုတ်ပယ်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ကာကွယ်ရေးဦးစီးချုပ်နှင့် ယူကရိန်းထိပ်တန်းစစ်ခေါင်းဆောင်များ ထုတ်ခံရမည်ဆိုလျှင် မြို့တော်ကိယက်ဗ်တွင် ဆူပူအုံကြွမှုများလုပ် ဆောင်ရန် အဆင့်သင့်ရှိနေကြောင်း သတင်းအရင်းမြစ်များက ပြောသည်။

ယူကရိန်း SBU အဖွဲ့သည် လက်ရှိအချိန်တွင် ယူကရိန်းစစ်တပ် တပ်မှူးအချို့ကို တပ်ဖွဲ့ဝင်များထိန်းသိမ်းထားရန်နှင့် ၎င်းတို့တပ်ရင်းတပ်ဖွဲ့များမှ အခြားနေရာသို့မသွားရန် ဆက်သွယ်ညွှန်ကြားထားကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်းအနေဖြင့် အစိုးရအဖွဲ့တာဝန်ရှိသူအချို့ကို ထုတ်ပယ်ဖွယ်ရှိနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ယူကရိန်းသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ကြား အကြီးအကျယ်သဘောထားကွဲလွဲမှုများ ပိုမိုကျယ်ပြန့်စွာဖြစ်လာနေခြင်းဖြစ်ကြောင်း သိရသည်။

ယူကရိန်းသမ္မတက “ ယူကရိန်းနိုင်ငံရဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေကို အစားထိုးတာတွေလုပ်ဖို့ အစီစဉ်ရှိတယ်။ စစ်တပ်တစ်ခုတည်းမဟုတ်ဘူး။ ကျွန်တော်တို့ဟာ စစ်ပွဲကိုအနိုင်ရလိုရင် အပြောင်းအလဲတွေလုပ်ဆောင်ရမယ်။ နိုင်ပွဲဆီကို အားလုံးတွန်းအားပေးနိုင်ဖို့ လိုအပ်တယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

thepressunited.com

ကာကွယ်ရေးဦးစီးချုပ်ကိုထုတ်မည်ဆိုလျှင် ယူကရိန်းတွင် ဆူပူအုံကြွမှုများ ဖြစ်လာနိုင်ဟု သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.