ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကသာမြို့၌ အခြေခံပညာကျောင်းများနှင့် ဘဏ်များအား ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၇ ရက်မှစတင်ကာ ကျောင်းသားမိဘများက စိုးရိမ်ကာ ကျောင်းမပို့ကြတော့သဖြင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ တနင်္လာနေ့ကတော့ လာတက်ကြသေးတယ်။ ဒါပေမယ့်နည်းတယ်။ အင်္ဂါနေ့တော့ ယာယီပိတ်တယ် ကြေညာလိုက်တယ်။ ဘဏ်တွေကတော့ပိတ်ထားတယ်။ ငွေလွှဲကလည်း အင်တာနက်လိုင်းကောင်းတဲ့ဆီပဲရတယ်။ အင်တာနက်လိုင်းတွေလည်းကျ၊ မီးတွေလည်းပျက်နေတယ်။” ဟု ကသာမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ အခြေခံပညာကျောင်းနှင့် ဘဏ်များပိတ်ထားခြင်းမှာ ကသာမြို့နှင့် မိုင် ၅၀ ခန့်တွင်ရှိသည့် ကောလင်းမြို့၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“ ကသာမှာတော့ တိုက်ပွဲတွေဖြစ်တာတော့ မရှိဘူး။ ညပိုင်းတွေတော့ လက်နက်သံတွေကြားရတယ်။ တချို့လဲကြောက်ပြီး တခြားမြို့တွေကို ပြောင်းကုန်ကြတယ်။ တစ်ချို့ဆိုင်တွေ လည်းပိတ်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းထဲမှ ကောလင်းမြို့၌ တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ကသာမြို့မှ ရဲစခန်းသည်လည်း မကြာခဏဆိုသလို ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင်း ရဲစခန်းမှ မိသားစုဝင်များ ရွှေ့ပြောင်းသွားကြကြောင်း သိရသည်။
လက်ရှိတွင် ကသာမြို့ရှိ ဒေသခံအချို့ ရွေ့ပြောင်းနေထိုင်ကြပြီး မြို့တွင်း၌လည်း လျှပ်စစ်မီးပြတ်တောက်နေသည်မှာ နှစ်ရက်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
ကသာမြို့၌ အခြေခံပညာကျောင်းများနှင့် ဘဏ်များ ယာယီပိတ်ထားရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်