ရန်ကုန်၊ ဇူလိုင် ၄
ကသာမြို့နယ်နှင့် ဗန်မော်မြို့နယ်တို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေခြင်းကြောင့် အနိမ့်ပိုင်းဒေသ၌ နေထိုင်သူများအား နေရပ်ရွှေ့ပြောင်းနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၄ ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
“ ကသာမြို့နယ်နဲ့ ဗန်မော်မြို့နယ်တို့က အနိမ့်ပိုင်းဒေသမှာ နေထိုင်သူတွေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုရဲ့ မြစ်ရေကြီးခြင်းသတိပေးထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ်ရောက်နေလို့ အနိမ့်ပိုင်းဒေသမှာ နေထိုင်သူတွေကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်(မြောက်ပိုင်း)ရပ်ကွက်၊ (အလယ်ပိုင်း)ရပ်ကွက်၊ (တောင်ပိုင်း)ရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ သဖန်းကိုင်းရပ်ကွက်များတွင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ကသာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကြံပြုဆော်ဩခြင်းနှင့် လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဘေးလွတ်ရာနေရပ်များသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်းကို ကသာမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်နှင့် ဗန်းမော်မြို့နယ်တို့မှ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေမှုကြောင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ကသာမြို့နှင့် ဗန်မော်မြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်