ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်၍ လေကြောင်းခရီးစဉ် ရပ်နား

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်တွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်၍ လေကြောင်းခရီးစဉ်အား ရပ်နားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ကလေးလေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး လေကြောင်းခရီးစဉ်အား ရပ်နားခဲ့ကာ မန္တလေးလေဆိပ်မှ ကလေးလေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်မှာလည်း မုံရွာလေဆိပ်၌ ခေတ္တရပ်နားခဲ့ရပြီး မန္တလေးလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

“ လေယာဉ်ပြေးလမ်းပေါ် ပေါက်ကွဲမှုဖြစ်လို့ ကလေးကပြေးဆွဲမယ့် လေကြောင်းခရီးစဉ်ကို ယာယီရပ်နားလိုက်တယ်လို့ သိရတယ်။ သူတို့ ရှင်းလင်းပြီးရင် ပြန်ဖွင့်ပေးမယ်လို့လည်း ကြားတယ်။ ဘယ်တော့ ပြန်ဖွင့်မယ်တော့ မသိရသေးဘူး။ မန္တလေးကနေ ကလေးကိုဆင်းမယ့် လေယာဉ်ကလည်း ဆင်းမရတော့လို့ မန္တလေးကိုပဲ ပြန်လှည့်သွားရတယ်။” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို့ Drone ဖြင့် Drop Bomb ပစ်ချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ကလေးလေဆိပ်မှ အပတ်စဉ် လေကြောင်းခရီးစဉ် အတက်အဆင်း ၅ ကြိမ်ရှိပြီး လမ်းခရီးလုံခြုံရေးအရ လေကြောင်းခရီးစဉ်ကိုသာ အဓိကထား၍ အသုံးပြုလျက်ရှိနေကာ လေဆိပ်အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

အလားတူ တိုက်ပွဲများကြောင့် အောက်တိုဘာ ၂၇ ရက်မှ ယနေ့အထိ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးလေဆိပ်အား ပိတ်ထားခဲ့ပြီး၊ ကယားပြည်နယ်၊ လွိုင်ကော် မြို့ရှိ လွိုင်ကော်လေဆိပ်တွင်လည်း လေကြောင်းခရီးစဉ်များအား ယခုလကုန်အထိ ရပ်နားထားကြောင်း ဒေသတွင်း လေယာဉ်လက်မှတ်ရောင်းချသူများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်၍ လေကြောင်းခရီးစဉ် ရပ်နား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.