ကလေးတက္ကသိုလ်မှ ဖမ်းဆီးခံထားရသူများအနက် ပြန်မလွတ်သေးသူများရှိနေ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အနီးတိုက်ပွဲကြောင့် ဖမ်းဆီးခံရသည့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအချို့ ပြန်လွတ်လာသော်လည်း ပြန်မလွတ်သေးသူများလည်းရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကလေးမြို့၊ တက္ကသိုလ်အနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ နာရီပိုင်းအကြာတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

“ ချင်းပြည်နယ်ဘက်ကနေဆင်းလာတဲ့ PDF အဖွဲ့တွေနဲ့ ကလေးတက္ကသိုလ်အနီးမှာ တိုက်ပွဲဖြစ်ပြီး ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဖမ်းခံရတာလို့ သိရတယ်။ နာရီပိုင်းအကြာမှာပဲ တချို့ပြန်လွတ်လာတယ်။ ပြန်မလွတ်သေးတဲ့လူတွေ ရှိသေးတယ်လို့လည်း ကြားတယ်။ ပြန်လွတ်လာတဲ့သူတွေကို ကလေး ဒကစ(ဒေသကွပ်ကဲမှု စစ်ဌာနချုပ်)ထဲ ခေါ်ထားပြီး မနေ့ကတော့ နေရပ်တွေကို ပြန်ပို့ပေးတယ်လို့ သိရပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ကလေးတက္ကသိုလ်အခြေအနေနှင့်ပတ်သတ်၍ နစကမှသတင်းထုတ်ပြန်ရာတွင် ဖေဖော်ဝါရီ ၂၆ ရက်က ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှ PDF အဖွဲ့များ ဝင်ရောက်ခဲ့ပြီး ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ရုံးဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရ၍ လိုက်လံကယ်တင်ရာ စုစုပေါင်း ၂၈၅ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် အချို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုဖြစ်စဉ်အပေါ် NUG ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA သတင်းဌာနသို့ ပြောကြားရာတွင် နစကတပ်များက ကလေးတက္ကသိုလ်အတွင်းတပ်စွဲရန် လုပ် ဆောင်နေစဉ် ရာနှင့်ချီသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြောဆိုသည်။

နှစ်ဖက်ပြောဆိုမှုနှင့် ပတ်သတ်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ထို့ပြင် ကလေးမြို့နယ်နှင့် အနီးတဝိုက်၌ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်နေကာ စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ဆိုသည်။

အလားတူ၊ ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်၌ တိုက်ပွဲဖြစ်ပွားခဲ့ကာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအပါအဝင် ပညာရေးဝန်ထမ်းရာချီအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လွိုင်ကော်တက္ကသိုလ်တွင် ဖမ်းဆီးခံရသူများအနက် ၁၀၃ ဦးမှာ နိုဝင်ဘာ ၂၄ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ယခုအထိ ဖမ်းဆီးခံထားရသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကလေးတက္ကသိုလ်မှ ဖမ်းဆီးခံထားရသူများအနက် ပြန်မလွတ်သေးသူများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.