ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒါရ်ဂါလမ်းထိပ် ဝိုင်ဘီအက်စ်မှတ်တိုင်တွင် ဧပြီ ၂ ရက်၊ နံနက် ၁၀ နာရီခွဲက ဝိုင်ဘီအက်စ် ၇၀ ယာဥ်လိုင်းပေါ်က ခရီးသည်အမျိုးသမီးတစ်ဦးနှင့် အသက်နှစ်နှစ်အရွယ်ကလေးငယ်(မိန်းကလေး)တစ်ဦးတို့ဆင်းနေစဥ် ယာဉ်ကမောင်းထွက်ရာမှ ၎င်းကလေးငယ်၏ ဦးခေါင်းအားတက်ကြိတ်မိပြီး နေရာတွင်သေဆုံးသွားကြောင်း သိရသည်။
“ ကလေးနဲ့ မိခင်က ကားပေါ်ကဆင်းနေချိန်မှာ ယာဥ်မောင်းက နောက်ကားနဲ့ပြိုင်မောင်းဖို့လုပ်နေတာ။ ကလေးငယ်က ကားဘီးအောက်ရောက်သွားတော့ နောက်ဘီးနဲ့ ကြိတ်မိသွားတာပါ။ မြင်ရတာ အတော်လေးစိတ်မချမ်းမြေ့ပါဘူး။ ကလေးငယ်က နေရာမှာတင်ဦးခေါင်းပွင့်ပြီး ဆုံးသွားတာပါ။” ဟု ကလေးငယ်၏ဖခင်က ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ဝိုင်ဘီအက်စ် ၇၀ ယာဉ်မောင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးအရေးယူထားပြီး သေဆုံးသူကလေးငယ်(မိန်းကလေး)၏ ရုပ်အလောင်းကို သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ သန်လျင်မြို့နယ်တွင် ဝိုင်ဘီအက်စ် ၃၁ ယာဥ်လိုင်းများသည်လည်း အနောက်တံခါးဖွင့်၍ ယာဥ်တစ်စီးထက်ကျော်လွန်ကာ ခရီးသည်တင်မောင်းနင်နေမှုကြောင့် ခရီးသည်များ၏ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်နေရကြောင်း သန်လျင်မြို့နေပြည်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ- CJ
ကလေးငယ်တစ်ဦးအား ဝိုင်ဘီအက်စ်တက်ကြိတ် နေရာတွင်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်