ရန်ကုန်၊ နိုဝင်ဘာ ၂၉
ကယားပြည်နယ်(ကရင်နီဒေသရှိ) တိုက်ပွဲများကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၇၆ ဦးသေဆုံးခဲ့ကြောင်း ကရင်နီလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI မှ သိရသည်။
တိုက်ပွဲများစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၁ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ (၁၇ ရက်တာအတွင်း) ကရင်နီဒေသ၌ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၁၈ ဦး၊ အသက်မပြည့်သေး သည့် ကလေးငယ် ၁၂ ဦး၊ သံဃာနှစ်ပါးနှင့် အမည်စုံစမ်း၍ မရသေးသူ ၁၀ ဦး၊ စုစုပေါင်း ဒေသခံ ၇၆ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“ သေဆုံးသူများမှာ လက်နက်ကြီးကြောင့်သေဆုံးသူ ၃၇ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၂၄ ဦး၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၅ ဦးတို့ဖြစ်တယ်။” ဟု ကရင်နီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုအချက်အလက်များမှာ ကရင်နီလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ အနီးစပ်ဆုံး သုတေသနပြုလုပ်ထားခြင်းဖြစ်ပြီး မြေပြင်တွင်ထိခိုက်မှုမှာ နေ့စဉ်နှင့်အမျှ တိုးလာနိုင်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက်တွင် လွိုင်ကော်မြို့အနီးမှ စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲကြောင့် လွိုင်ကော်မြို့ခံ သုံးသောင်းနီးပါးမှာ ယနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ကြကြောင်း သိရသည်။
ထို့ပြင် လွိုင်ကော်မြို့အနီးတဝိုက်၌ စစ်ရေးတင်းမာလျက်ရှိနေကာ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – KHAl
ပုံစာ- ဒေသတွင်းမှ စစ်ရှောင်များအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။
ကရင်နီဒေသ တိုက်ပွဲများကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၇၆ ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်