ရန်ကုန်၊ ဇန်နဝါရီ ၇
ကယားပြည်နယ်(ကရင်နီဒေသ)တွင် ပြီးခဲ့သည့်တစ်လအတွင်း တိုက်ပွဲကြောင့် ဒေသခံခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာလအတွင်း ကရင်နီဒေသတွင် တိုက်ပွဲဖြစ်ပွား၍ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်စထိမှန်ကာ ဒေသခံခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
“ ဒေသအနှံ့က တိုက်ပွဲတွေအတွင်း လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စာရင်းတွေပါ။ လွိုင်ကော်နဲ့ ဒီမေ့ာဆိုတို့မှာ ထိခိုက်သေဆုံးသူက အခြားဒေသမှာထက် ပိုများပါတယ်။” ဟု ကရင်နီလူ့အခွင့်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူများမှာ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး၊ ကျားမခွဲခြား၍မရသူတစ်ဦး စုစုပေါင်း ခုနစ်ဦးတို့ဖြစ်ကာ၊ သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက်နေ့က လွိုင်ကော်မြို့အား ဒေသတွင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့ဖြစ်သည့် KNDF နှင့် PDF အဖွဲ့တို့က စတင်တိုက်ခိုက်ရာမှ ယခုရက်ပိုင်းအထိ ကယားပြည်နယ်ရှိ ဒေသအများအပြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
နှစ်လနီးပါးကြာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ကရင်နီဒေသတစ်ခုလုံးတွင် ယခုရက်ပိုင်းအထိ ဒေသ ခံငါးဆယ်ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထို့အပြင် လွိုင်ကော်မြို့ခံများအပါအဝင် ဒေသခံ သုံးသောင်းထက်မနည်းမှာလည်း ယခုအချိန်အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်၍ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသအနှံ့မှ ဒေသခံသုံးရာထက်မနည်း သေဆုံးခဲ့ကြောင်း UNOCHA ၏ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ချက် အရ သိရသည်။
ဓာတ်ပုံ – KHRG
ကရင်နီဒေသတွင် တစ်လအတွင်း တိုက်ပွဲကြောင့် ဒေသခံခုနစ်ဦးထက်မနည်း သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်