ရန်ကုန်၊ ဒီဇင်ဘာ ၉
ကယားပြည်နယ်(ကရင်နီဒေသ)၌ တိုက်ပွဲများကြောင့် တစ်လနီးပါးကာလအတွင်း ဒေသခံ ၈၂ ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI မှ ယမန်နေ့က ထုတ်ပြန်သည်။
တိုက်ပွဲများစတင်ဖြစ်ပွားသော နိုဝင်ဘာ ၁၁ ရက်မှ ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) အထိ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၈ ဦး၊ အသက်မပြည့်သေးသည့် ကလေးငယ် ၁၂ ဦး၊ ဘာသာရေးပုဂ္ဂိုလ် နှစ်ဦးနှင့် အမည်နှင့်အသက် အတည်မပြုနိုင်သူ ၁၁ ဦး၊ စုစုပေါင်း ၈၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများအနက် လက်နက်ကြီးထိမှန်၍ သေဆုံးသူ ၄၃ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄ ဦး၊ ပစ်ခတ်ခံရ၍ သေဆုံးသူ ၁၅ ဦးတို့ဖြစ်ကြောင်း သိရသည်။
“ သေဆုံးသူအများစုမှာ လက်နက်ကြီးကြောင့်သော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့်သော်လည်းကောင်း သေဆုံးကြတာကိုတွေ့ရပြီး အဲ့ဒီလိုသေဆုံးသူ ၆၇ ဦးရှိပါ တယ်။ ကျန် ၁၅ ဦးက ပစ်သတ်ခံရတာကို တွေ့ရပါတယ်။” ဟု KHAI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူများမှာ လွိုင်ကော်၊ မိုးဗြဲနှင့် ဒီမောဆိုမြို့နယ်များမှ ဒေသခံများဖြစ်ကြောင်း သိရသည်။
ကရင်နီဒေသ၌ နိုဝင်ဘာ ၁၁ ရက်မှ စတင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့သည့်အပြင် လွိုင်ကော်တစ်မြို့လုံးနီးပါး အပါအဝင် ဒေသအချို့မှ ဒေသခံ ငါးသောင်းထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၂၇ ရက်မှစတင်၍ ဒေသအချို့တွင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအထိ ဒေသခံ ၃၀၀ နီးပါး သေဆုံးခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – KHAI
ကရင်နီဒေသတိုက်ပွဲများကြောင့် တစ်လနီးပါးအတွင်း ဒေသခံ ၈၂ ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်