ရန်ကုန်၊ နိုဝင်ဘာ ၁၈
ကယားပြည်နယ်(ကရင်နီဒေသ)ရှိ စစ်ဘေးတိမ်းရှောင်သူများအနေဖြင့် မိမိတို့အခြေပြုဒေသများတွင် လာရောက်စစ်ဘေးတိမ်းရှောင်နိုင်ကြောင်း ပအို့ဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)မှ ယမန်နေ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၁ ရက်မှစတင်၍ လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲအရှိန် ပြင်းထန်လာသည့်အပေါ် မည်သည့်ဘက်မှမပါသည့် လက်နက်မဲ့၊ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများသည် ရှမ်းပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်လာကြသည်ကို တွေ့ရကြောင်း၊ စစ်ရှောင်ပြည်သူများအနေဖြင့် မိမိတို့ အဖွဲ့ချုပ်အခြေပြုဒေသများတွင် လာရောက်ခို လှုံနိုင်ပါကြောင်းနှင့် တတ်အားသမျှ ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် NCA ပါ ပြဌာန်းချက်များနှင့်အညီ စစ်ရှောင်များကို လုံခြုံရေး၊ စားဝတ်နေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆောင်ရွက်ပေးနိုင်ရန် ကူညီ ကယ်ဆယ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကာ၊ ဆက်သွယ်နိုင်ကြောင်း သိရသည်။
“ အရင်တိုက်ပွဲတွေကတည်းက စစ်ရှောင်တွေအတွက် အိမ်တွေ၊ ယာယီစခန်းတွေ ဆောက်ပေးထားတာရှိတယ်။ အခုလောလောဆယ်တော့ အရေအတွက် ဆယ်ချီရှိပါတယ်။ လက်ရှိတော့ စစ်ရှောင်တွေ မလာသေးဘူး။ ဆက်သွယ်လာတဲ့ သူတွေတော့ရှိတယ်။ အရင်တုန်းထဲက လွိုင်ကော်ဘက်က လာရှောင်ကြတဲ့သူတွေတော့ နည်းနည်းရှိတယ်။” ဟု PNLO မှ ဗိုလ်မှူးခွန်မင်းသိမ်းက ယနေ့ခေတ်သို့ ပြောသည်။
စစ်ရှောင်များအနေဖြင့် PNLO ၏ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနနှင့် တောင်ကြီးမြို့နှင့် ဆီဆိုင်မြို့တို့ရှိ PNLO ဆက်ဆံရေးရုံးများသို့ ဆက်သွယ်နိုင်ပြီး ဒေသခံပြည်သူများအနေ ဖြင့်လည်း စစ်ဘေးရှောင်များကို ဝိုင်းဝန်းကူညီပေးကြရန် PNLO ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ဖြစ်ပွားသည့် လွိုင်ကော်မြို့အနီး တိုက်ပွဲများကြောင့် လွိုင်ကော်မြို့ တစ်မြို့လုံးနီးပါးမှ ဒေသခံများမှာ ဒီမော့ဆို၊ ဖရူဆို စသည့်ဒေသများနှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)ရှိ မြို့နယ်အချို့တို့သို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
Photo – Karenni Humanitarian Aid Initiative
ပုံစာ – လွိုင်ကော်မြို့မှ စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်
ကရင်နီဒေသစစ်ရှောင်များ ပအို့ဝ်းအဖွဲ့နယ်မြေသို့ လာရောက်စစ်ရှောင်နိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်