ကရင်နီစစ်ရှောင်များအား ပြောင်းရွှေ့ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို လူမှောင်ခိုမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁၅

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းမှ ကရင်နီစစ်ရှောင်များအား တရားမဝင် ပြောင်းရွှေ့ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို လူမှောင်ခိုမှုဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။

ဩဂုတ်လ ၁၀ ရက်၊ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၃ ဦးသည် ပစ်ကပ်ထရပ်ကားနှစ်စီးဖြင့် မယ်ဟောင်ဆောင်စခန်းမှ ကလေးငယ် ၄ ဦးနှင့် အရွယ်ရောက်ပြီးသူ ၆ ဦးတို့ကို ကားနောက်ခန်းတွင် အမိုးအကာများဖြင့်ဖုံးအုပ်ကာ တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်နှစ်စီးအား Tambon Mae Kee အဝေးပြေးလမ်းမပေါ်ရှိ ၁၃၃၇ စစ်ဆေးရေးဂိတ်မှ ထိုင်းရဲများက မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးရာမှ မြန်မာစစ်ရှောင်များကို တွေ့ရှိ သဖြင့် ယာဉ်မောင်းများဖြစ်သည့် ထိုင်းနိုင်ငံသား ၃ ဦးကို လူမှောင်ခိုမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားသုံးဦးနှင့်အတူ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် စစ်ရှောင်များမှာ ထိုင်းစကား ကျွမ်းကျင်စွာပြောဆိုတက်သည့် အရွယ်ရောက်ပြီးသူ ၆ ဦးနှင့် အသက် ၅ နှစ်မှ ၁၄ နှစ် ကြားရှိ ကလေးငယ် ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။

ကရင်နီစစ်ရှောင်များ၏ ထွက်ဆိုချက်အရ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနယ်စပ် မယ်ဆောင်ဟောင်ခရိုင်ရှိ Tambon Mae Kee စခန်းတွင် ခိုလှုံခဲ့ကြပြီး ၎င်းတို့သည် မယ်ဆောင်ဟောင်ခရိုင်မှ မယ်လနွိုင်ခရိုင်ရှိ ဆွေမျိုးများနှင့်တွေ့ဆုံရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား ၃ ဦးကို အထောက်အထားမဲ့ မြန်မာဒုက္ခသည်များကို ဖမ်းဆီးခြင်းမှ ကာကွယ်ပေးခဲ့သည့်အတွက် တရားစွဲဆိုသွားမည်ဖြစ်ပြီး ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ခံ ရဖွယ်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီစစ်ရှောင်များသည် ၎င်းတို့၏ဆွေမျိုးများနှင့် တွေ့ဆုံရန်အတွက် အာဏာပိုင်များမှ သယ်ယူပို့ဆောင်ရေးစီစဉ်ပေးမည်ဟု မျှော်လင့်နေကြောင်း ထိုင်းသတင်းဌာန များက ဖော်ပြထားသည်။

လင်းခေါင်

Photo: Thaiger

#ယနေ့ခေတ်

ကရင်နီစစ်ရှောင်များအား ပြောင်းရွှေ့ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို လူမှောင်ခိုမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.