ကရင်နီစစ်ရှောင်စခန်းများ၌ ဆန်အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ သြဂုတ် ၂၀

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆို အနောက်ဘက်ခြမ်းဒေသများရှိ စစ်ရှောင်စခန်းများ၌ ဆန်ပြတ်လပ်မှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး ဆန်များအရေးပေါ်လိုအပ်နေကြောင်း သိရ သည်။

ယခုခုနှစ်အတွင်း ဆန်ပြတ်လပ်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး မိသားစုတစ်စုလျှင် ဆန်တစ်ပြည်သာ မျှဝေနိုင်တော့ကြောင်း ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး အဖွဲ့မှသိရသည်။

“ စခန်းတော်တော်များများ ကျွန်တော်တို့ဆီကို ဆန်တွေလာတောင်းကြတယ်။ အရင် ၂၀၂၁ ခုနှစ် နှစ်ဆုံးပိုင်း ၂၀၂၂ ခုနှစ် နှစ်စပိုင်းလောက်ကဆိုရင် ဆန်လာတောင်းရင် စစ်ရှောင်မိ သားစုတစ်စုကို ဆန်တစ်အိတ်လောက်ပေးနိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းဆိုရင် ဆန်တစ်ခေါက်ဝေရင် စစ်ရှောင်တစ်ဦးကို ဆန်တစ်ပြည်သာ ဝေပေးနိုင်တဲ့အပြင် လိုအပ်သူအားလုံး ကိုတောင် မပေးဝေနိုင်တော့ပါဘူး။” ဟု ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကရင်နီစစ်ဘေးရှောင်ဒေသ၌ အလှူရှင်နည်းပါးလာခြင်းနှင့် ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ဆန်ပြတ်လပ်မှု ဖြစ်ပေါ်လာခဲ့ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

“ အရင်တုန်းက ဆန်တစ်အိတ်ကို ၃ သောင်းဝန်းကျင်လောက်ရှိတာ၊ ၂၀၂၂ ခုနှစ် နှစ်လယ်မတိုင်ခင်လောက်မှာ တိုက်ပွဲပိုပြင်းထန်လာတဲ့အပြင် ကုန်စျေးနှုန်းလည်း အဆမတန်မြင့် တက်လာခဲ့တယ်။ အလှူရှင်နည်းလာတဲ့အပြင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာတယ်။ နောက်ပိုင်းဆိုရင် ပိုတောင်ဆိုးလာမယ်လိုပြောကြတော့ စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်နေကြရပါတယ်။” ဟု တာဝန်ရှိသူက ဆိုသည်။

ကရင်နီပြည်စစ်ဘေးရှောင်စခန်း တော်တော်များများ၌ ဆန်ပြတ်လပ်လျက်ရှိပြီး စခန်းလေးခုတွင် အရေးပေါ် လိုအပ်နေကြောင်းနှင့် အလှူရှင်များအနေဖြင့် လှူဒါန်းပေးကြပါရန် ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့များမှ မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ကရင်နီစစ်ဘေးရှောင်ဒေသ၌ နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေမှာလည်း တိုးလာခဲ့ရာ စစ်ဘေးရှောင်ပြည်သူ သုံးသိန်းခွဲဝန်းကျင်ထိ ရှိလာခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်

#ယနေ့ခေတ်

ကရင်နီစစ်ရှောင်စခန်းများ၌ ဆန်အရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.